ကိုးတောင်ဘို့မှာစစ်တပ်မီးရှို့မှာကြောက်လို့ ရွာအပြင်ထုတ်နေသည့် စပါးများကို စစ်ကောင်စီစစ်ကြောင်းကသိမ်းဆည်းသွား

Author CJ Platform
Categories
Published on Feb 20, 2023

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ စစ်ကောင်စီတပ်၏ ကျေးရွာအတွင်းဝင်ရောက်ကာမီးရှို့မှုများကြောင့် သိမ်းဆည်းထားသည့် စပါးများအား ရွာအပြင်သို့ထုတ်နေသည့် စပါးများကို စစ်ကောင်စီတပ်စစ်ကြောင်းမှသိမ်းဆည်းသွားကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာစစ်ကောင်စီတပ်၏ ခမရ ၃၆၃ တပ်မှ ကိုင်းမကျေးရွာအရှေ့ဖက်ကို စစ်ကြောင်းထိုးကာ ဒေသခံလယ်သမားတစ်ဦး ပိုင်ဆိုင်သည့် စပါးတင်း ၆၀၀ ခန့်ကို အဓမ္မသိမ်းဆည်းသွားတာပဲ ဖြစ်သည်။

ထိုသို့သိမ်းဆည်းပြီးနောက် အဆိုပါစစ်ကြောင်းသည် စပါးများအား သုံးဘီးများဖြင့်သယ်ဆောင်ကာ ၎င်းတို့ အထိုင်ချရာနေရာသို့သယ်ဆောင်သွားကြောင်းသိရသည်။

“ဒီနေ့ မနက် ၈ နာရီ၂၀ လောက်ပဲ သူတို့အင်အား ၅၀ ၆၀လောက်နဲ့ ထွက်လာပြီးသိမ်းသွားတာ သုံးဘီးတွေနဲ့ မွန်းလွဲ ၁ နာရီလောက်ကြ သူတို့အထိုင်ကိုပြန်ဝင်သွားကြတယ် ဒီလိုရွာသားတွေကထုတ်တာကို စစ်ကြောင်းကသတင်းရလို့နေမှာပေါ့ စစ်ကြောင်းကိုဖြန့်ပြီးဝင်တာ ရွှေ့ချိန်တောင်မရပါဘူးဗျာ ဒီတိုင်းကိုယူသွားကြတာ”ဟု ဒေသခံတစ်ဦးကပြောပြသည်။

ယခုကဲ့သို့ ဒေသခံများအနေဖြင့် ခြွေလှေ့ပြီးသား စပါးများကို ရွာအပြင်သို့ထုတ်နေရခြင်းသည် စစ်ကောင်စီစစ်ကြောင်းများကျေးရွာများအတွင်းဝင်ရောက်မီးရှို့သောအခါ ဒေသခံများသိုလှောင်ထားသည့် စပါးကျီများကိုပါ မီးရှို့ဖျက်ဆီးတာကြောင့် စပါးများမပျက်စီးစေရန် ကျေးရွာအပြင်ရှိလုံခြုံသည့်နေရာများတွင် သိမ်းဆည်းထားရန်အတွက်ဖြစ်ကြောင်းသိရသည်။

ထို့အတူ စစ်ကောင်စီတပ်သည် ဒေသခံများ၏ ဆန် နှင့်စပါးများအားသယ်ဆောင်မှုများလည်းယခင်ကရှိခဲ့ကြောင်းသိရသည်။

“ဒီလိုမျိုးက အမြဲဖြစ်တယ်ဗျ အရင်ကောလင်းဘက် ဆန်စက်တွေကို ဝင်ပြီးဆန်တွေသိမ်းတာ တွေရှိတယ် ကောလင်းနဲ့ ကန့်ဘလူက ချိတ်ဆက်တဲ့ဒေသဆိုတော့ကာ အတင်းအဓမ္မတိုက်တာဖြစ်တယ် ရွာထဲကိုသုံးဘီတွေနဲ့ဝင်ပြီးတိုက်ယူကြတာပဲ ရွာသားတွေက စစ်ကြောင်းလာတာနဲ့ပြေရတော့ သူတို့ကအကုန်ယူတာထုံးစံအတိုင်းပဲဗျ”ဟု အဆိုပါဒေသခံကဆက်ပြောသည်။

ထို့အပြင့် ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ကလဲ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ မြေမွန်ရွာကို စစ်ကောင်စီတပ်၏ အင်အား ၁၀၀ ဝန်းကျင်ပါ ​ခမရ ၃၆၄နှင့်ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းမှ ဝင်​ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ခန့်ပျက်စီးခဲ့ပါသေးသည်။