အပန်းဖြေစရာ ကင်းမဲ့နေတဲ့ ပြည်သူတွေနဲ့ အွန်လိုင်းပေါ်က အဆိပ်သင့်ဖျော်ဖြေရေး

Author မောင်ဒဂုံ
Categories
Published on Feb 11, 2023

စစ်ကောင်စီ လက်အောက်မှာ လူထုဟာ ဖိနှိပ်မှုတွေအောက် မွန်းကျပ်ပြီး ပိတ်မိနေပါတယ်။ မြို့ပြတွေမှာ စစ်ကောင်စီရဲ့ ဘန်ကာတွေ၊ လုံခြုံရေး ဂိတ်တွေနဲ့ ပြည့်နေပြီး ဘယ်ကို သွားသွား လွတ်လပ်မှုရဲ့ အရသာက ပျောက်ဆုံး နေခဲ့ပါတယ်။

တိုင်းပြည် အနှံ့အပြားမှာလည်း စစ်ကောင်စီ တပ်ကို ခုခံတော်လှန်စစ်တွေ စစ်နွှဲနေပြီး စစ်ဘေးရှောင် ဦးရေကလည်း နှစ်သန်းကျော်သွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ကောင်စီဟာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်း စတဲ့ ဒေသတွေက မြို့နယ် ၄၀ ကျော်မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

ဒါက တော်လှန်ရေး အင်အားကောင်းတဲ့ အဲ့ဒီ ဒေသတွေကို ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကို အဆုံးစွန်ဆုံး ပြုလုပ်တော့မယ်လို့ ကြေညာလိုက်တဲ့ သဘောလို့လည်း ဆိုလို့ ရတာ ဖြစ်ပါတယ်။

နိုင်ငံ အနှံ့ စစ်တွေဖြစ်၊ ဖိနှိပ် ရက်စက်မှုတွေ၊ စီးပွားရေး ကျပ်တည်းမှုတွေကို ကြုံနေရတဲ့ ပြည်သူတွေအတွက် ပျော်စရာ ဆိုတာ မရှိသလောက်ပါပဲ။ ရိုးရာ ပွဲတော်တွေ၊ ဘာသာရေး ပွဲတော်တွေကလည်း အကျဉ်းချုံး ပြုလုပ်နေခဲ့ရတာ သုံးနှစ်ကျော် ကာလသို့ ပင် ရောက်ရှိနေခဲ့ပါပြီ။

နိုင်ငံရေး မတည်ငြိမ်မှုက ပြည်သူတွေရဲ့ နေ့စဉ် လူနေမှု ဘဝတွေကို တိုက်ရိုက် ဆိုးရွားစွာ ထိခိုက်ပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း၊ ကုန်ပစ္စည်း ရှားပါးလာခြင်း၊ အလုပ်လက်မဲ့ များပြားခြင်း အလုပ်အကိုင် ရှားပါးခြင်း စတဲ့ အခြေအနေတွေက လူမှုဘဝထဲမှာ ပြဿနာတွေကို ဖန်တီး မိသွားစေပါတယ်။

ပြီးခဲ့တဲ့ နှစ်က အဆုံးစီရင်တဲ့ ဖြစ်စဉ်တွေ ခပ်စိတ်စိတ် ဖြစ်ပွားခဲ့ပါတယ်။ အဆုံးစီရင်သူ အများစုကလည်း အသက်နှစ်ဆယ်ကျော်ကနေ ငါးဆယ်ကျော် ဝန်းကျင် အရွယ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။
ဒီ ပြဿနာတွေရဲ့ သက်ရောက်မှုက အဆုံးစီရင်မှုတွေ များပြားလာခြင်းနဲ့ ထဲထဲဝင်ဝင်ကို ဆက်နွယ်နေခဲ့ပါတယ်။

အဆုံးစီရင်မှုတွေထဲက ဥပမာ ဖြစ်စဉ် အချို့ကို ပြောပြပေးပါမယ်။ အဆုံးစီရင်မှုတွေအကြောင်း မြင်တွေ့ သိရှိရဖန်များတာက အဆုံးစီရင်လိုစိတ်ကို ပိုမို တိုးစေတယ်ဆိုတာကိုတော့ စာဖတ်သူ ပြည်သူတွေကို ဂရုတစ်စိုက်နဲ့ သတိပေးလိုပါတယ်။

(အဆုံးစီရင်ခြင်းဟာ ဘာသာတိုင်းမှာလည်း တားမြစ်ထားတဲ့ အရာဖြစ်သလို၊ စိတ်ကျန်းမာရေး ရှုထောင့်၊ ကျန်ရစ်ခဲ့မည့် မိသားစုဝင်များ၏ အခြေအနေများအရလည်း မပြုလုပ်သင့်တဲ့ အရာဖြစ်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါသေးတယ်။ ) ။ စကားချပ်

ပြီးခဲ့တဲ့ နှစ်က တံတားပေါ်က ခုန်ချတဲ့ အဆုံးစီရင်မှုတွေမှာ မိမိတို့ရဲ့ လူမမယ် ရင်သွေးနဲ့အတူ ခုန်ချတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့သလို တစ်ဦးတည်း စက်ဘီး ဖြင့်၊ သို့မဟုတ် ခြေကျင်လာရောက်ပြီး ခုန်ချ သေဆုံးတဲ့ ပုံစံ ဆင်တူတဲ့ အဆုံးစီရင်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။

အဆုံးစီရင်ခဲ့သူတွေဟာ စီးပွားရေး ကျပ်တည်းလွန်းနေသူတွေ၊ အိမ်ထောင်ရေး ပြဿနာ ကြီးကြီးမားမား ကြုံနေရသူတွေ၊ စိတ်ကျန်းမာရေး မကောင်းသူတွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ဒီလိုမျိုး အဆုံးစီရင်တဲ့ ဖြစ်စဉ်တွေ ခပ်စိတ်စိတ် ဖြစ်လာခဲ့ခြင်းက သတိကြီးကြီး ထားရမယ့် အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားပျက်ကပ်၊ နိုင်ငံရေး ပျက်ကပ်တွေ ဖြစ်ပွားတိုင်းမှာ ဒီလိုမျိုး အဆုံးစီရင်မှုတွေ များပြားလာခဲ့တဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။

ဒီ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် ကြံ့ခိုင်တဲ့ စိတ်အခြေအနေမျိုး ဖြစ်နေဖို့ လိုအပ်လာပါတယ်။ ငိုကြွေးစရာတွေ အများကြီးကြားထဲက မှ ရယ်ပြုံးစရာ အကြောင်းအရင်းလေးတစ်ခုက နွမ်းနယ်နေတဲ့ စိတ်တွေအတွက် အိုအေစစ် တစ်ခု ဖြစ်နေနိုင်ပါတယ်။

ပြည်သူတွေ ဘ၀ အမောတွေကို ဘယ်လို ဖြေနေရပါသလဲ။

ပြင်ပလောကမှာ လွတ်လပ်မှုတွေ ပျောက်ဆုံး နေရချိန်မှာ လူမှုကွန်ယက်ပေါ်မှာ အချိန်ကုန်မှုတွေ ပိုမိုများပြားလာပါတယ်။ အရည်အသွေးမြင့်တဲ့ ဟာသဗီဒီယို ဇာတ်လမ်းတိုလေးတစ်ခုကလည်း သိန်းနှင့်ချီတဲ့ ပြည်သူတွေကို စိတ်အမောတွေ ခဏလောကတော့ ပြေပျောက်သွားစေနိုင်ပါတယ်။

ကြည့်ရှုသူ များလျင် များသည့် အလျောက် ဖန်တီးသူတွေအတွက်လည်း ဝင်ငွေက ရနိုင်တဲ့ အတွက် Win-Win အခြေအနေမျိုးပါပဲ။ အထူးသဖြင့် Facebook ပေါ်မှာ ဟာသ ဗီဒီယိုတွေ၊ ဇာတ်လမ်းတိုတွေ၊ အထွေထွေ ဗဟုသုတတွေ အကြောင်း Content တွေ စသဖြင့် ဖန်တီးမှု အဖုံဖုံနဲ့ ရှိနေပါတယ်။

အရည်အသွေးရှိတဲ့ Content ဗီဒီယို ဖန်တီးသူ အများအပြား ရှိနေခဲ့တာကြောင့်လည်း ကြည့်ရှုသူတွေ အတွက် စိတ် ခေတ္တ အနားတော့ ရစေခဲ့တာတွေလည်း အများအပြားပါပဲ။ Content ဖန်တီးသူတွေအတွက် သူတို့ရဲ့ ဖန်တီးမှုတွေကို ကြည့်ရှုသူ အများအပြား ရရှိလာချိန်မှာတော့ Content တွေထဲမှာ ကြေငြာ ထည့်သွင်းမယ့် သူတွေပါ ရရှိလာမှာ ဖြစ်ပါတယ်။

Viewer သောင်းချီ ပုံမှန် ရလေ့ရှိသည့် Content ဖန်တီးသူ အများအပြား လူမှုကွန်ယက်စာမျက်နှာထက်မှာ နေရာယူထားပေမယ့် အဲ့ဒီထဲကမှ နည်းပါးလွန်းတဲ့ ပမာဏကသာလျင် အဆိပ်အတောက်ကင်းတဲ့ စီးပွားရေး လုပ်ငန်းကြေငြာတွေကို ထည့်သွင်းတာကို တွေ့ရပါတယ်။

အများစုကတော့ လောင်းကစားကြေငြာတွေကိုသာ ထည့်သွင်းကြပါတယ်။ Content ဗီဒီယိုတွေသာမကပါဘူး၊ အားကစား သတင်းသုံးသပ်ချက် ဆောင်းပါးတွေ တင်ရှိလေ့ရှိတဲ့ ပေ့ချ်တွေ၊ အနုပညာရှင် အချို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေ ဆယ်လီ ပေ့ချ်တွေ ထက်မှာလည်း လောင်းကစားကြေငြာတွေကို ကျယ်ပြန့်စွာတွေ့မြင်နေရပါတယ်။

အရေအတွက် ရာနှင့်ချီတဲ့ လောင်းကစားအေးဂျင့်တွေက နီးစပ်ရာ ဆယ်လီပေ့ချ်တွေ၊ Content ဖန်တီးသူတွေထံ သူတို့ရဲ့ လောင်းကစားကြေငြာတွေကို ထည့်သွင်းကြပါတယ်။

ကြည့်ရှုသူ ပမာဏ အပေါ် မူတည်ပြီး ကြေငြာခရရှိနေတဲ့အတွက် ဖေ့စ်ဘွတ်တစ်ခွင်မှာတော့ အရေအတွက် အဓိက ထား ဖန်တီးတဲ့ Content တွေ ပေါများလာခဲ့ရပါတယ်။ ဒါ့အပြင် ဆယ်လီတွေ အနေနဲ့လည်း သူတို့ရဲ့ အလှဓာတ်ပုံ တင်တာပဲ ဖြစ်ဖြစ် က တာ မျိုး တင်တာပဲ ဖြစ်ဖြစ် လောင်းကစားကြေငြာတွေကို ထည့်သွင်းကြေငြာပေးတာမျိုးတွေပါ တွေ့ရှိလာရပါတယ်။

ဒါတွေကြောင့်ပဲ အွန်လိုင်းပေါ်မှာ လောင်းကစားကြေငြာတွေ အလွန်တရာ ပေါများလာနေရတာ ဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ အခြေအနေတွေ ဖြစ်လာရပါတော့တယ်။

ဒီ လောင်းကစားကြေငြာတွေကို ကြည့်ပြီး လောင်းကစား လိုက်လံ ပြုလုပ်သူတွေ ရှိနိုင်ပေမယ့် အများစုကတော့ ဒီကြေငြာတွေ ပါဝင်နေတာကို စိတ်ပျက်နေကြောင်းသာ ဝေဖန်ပြောဆိုကြတာကို တွေ့ရပါတယ်။

ငါးမိနစ်စာ မပြည့်တဲ့ Content တစ်ခုမှာ လောင်းကစားကြေငြာက အချိန်တစ်ဝက်လောက် နေရာယူထားတာမျိုးက အများအပြားပါပဲ။ ဒါတွေကို ကြည့်ရှုသူအများအပြားက မနှစ်သက်ကြောင်း မှတ်ချက်ပေး ပြောဆိုကြပါတယ်။

ဒါပေမယ့် လောင်းကစားကြေငြာတွေကတော့ ပိုများလာတာကိုပဲ တွေ့နေရပြီး လျော့ကျသွားခြင်းတော့ မရှိပါဘူး။ ဒါ့အပြင် ကြေငြာလက်ခံထားတဲ့အတွက် သတ်မှတ် သဘောတူညီ မှုအတိုင်း ထည့်သွင်းပေးဖို့ လိုအပ်လာတာကြောင့် Content အရေအတွက် များများ တင်နိုင်ရေးကို ဦးစားပေးလာကြလို့ အရည်အသွေး မရှိတဲ့ Content တွေ ပိုပြီး ပေါများလာပါတော့တယ်။

လူကြိုက်များရေးထက် လူကြည့်များရေးကို ဦးစားပေးရတာ ဖြစ်တဲ့အတွက် ဒီ Content တွေဟာ ဖျော်ဖြေရေးလည်း မဆန်တော့သလို ပညာလည်း မပေးနိုင်တော့ပါဘူး။

အချို့ Content ဖန်တီးသူတွေဟာ ကလေးငယ်တွေကို အသုံးချပြီး ၎င်းတို့ Content လူကြည့်များရေး ပြုလုပ်လာကြသလို အချို့ကလည်း စောင့်ထိန်းလိုက်နာသင့်တဲ့ လူ့ကျင့်ဝတ်တွေကနေ သွေဖယ်စေတဲ့ ဇာတ်လမ်းတိုတွေကို မဲပြာ ပုဆိုး ရိုက်ကူး တင်ရှိလာတာမျိုး တွေ ဖြစ်လာပါတယ်။

မူလတန်း အရွယ် ကလေးငယ်လေးတွေ ဖရုသာဝါစာ စကားလုံးတွေ သုံးပြီး လူမှုရေးဖောက်ပြန်မှုတွေကို ဇောင်းပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုတွေမှာ ပါဝင် သရုပ်ဆောင်နေတာတွေကို ကြည့်ရှုလာကြရပါတယ်။

ဒါ့အပြင် လိင် အသားပေး ပုံစံ Content ဇာတ်လမ်းတိုတွေကြောင့် အိပ်ယာပေါ်က မထွက်တော့ဘူးလားဆို တဲ့ ဝေဖန်မှုများစွာကို ခံနေရတဲ့ Content ဖန်တီးသူတွေလည်း အများအပြား ရှိနေပါတယ်။

ဒါပေမယ့် ၎င်းတို့ကတော့ ဒီဝေဖန်မှုတွေကို လစ်လျူရှုထားပုံရပါတယ်။ ကလေးငယ်တွေကို အသုံးချပြီး နာမည်ကြီးလာတဲ့ Content ဖန်တီးသူ လူငယ်တစ်ဦးဆိုရင် သူ ဖန်တီးထားတဲ့ Content တွေထဲမှာ ကလေးငယ်နှစ်ဦး အပြန်အလှန် ဆဲဆို ရိုင်းဆိုင်း ပြောဆိုမှုတွေကို လူကြည့်များရေး အဓိကထား ဖန်တီးနေလို့ ဝေဖန်ပြောဆိုကြပေမယ့် သူကတော့ ဒီကလေးငယ်တွေကို ဝင်ငွေရှာပေးနေတာပါဆိုပြီး ခပ်မာမာ တုံ့ပြန်တာမျိုးတောင် ရှိနေပါတယ်။

ဒါကြောင့်လည်း ခေတ်ပျက်ထဲ နွမ်းနယ် ပိတ်မိနေတဲ့ လူထုဟာ အွန်လိုင်း အသုံးပြုချိန်မှာလည်း ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ကနေ အစချီတဲ့ လောင်းကစားကြေငြာတွေနဲ့ ထပ်ပြီး ပိတ်မိလာရပြန်ပါတယ်။

အွန်လိုင်းကို ဖယ်ခွာပြီး စိတ်အပန်းဖြေဖို့ဆိုရင် ရုပ်ရှင်ကြည့်တာမျိုး၊ သီချင်းနားထောင်တာမျိုးတွေက အိမ်အပြင်မထွက်ပဲ ပြုလုပ်လို့ရတဲ့ အရာတွေပါ။ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်က မြန်မာနိုင်ငံမှာ နိုင်ငံတကာ ရုပ်ရှင်တွေကို သူများနိုင်ငံတွေနဲ့ တန်းတူ အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုနိုင်ခွင့် မရတော့ပါဘူး။

စစ်ကောင်စီ ပြန်ဖွင့်ပေးတာတဲ့ ရုပ်ရှင်ရုံတွေကိုလည်း ပြည်သူတွေက သပိတ်မှောက်ထားကြဆဲ ဖြစ်ပြီး အဲ့ဒီ ရုပ်ရှင်ရုံတွေမှာလည်း ကိုဗစ်မတိုင်ခင်ကတည်းက တန်းစီထားကြတဲ့ မြန်မာဇာတ်ကားတွေသာ ရုံတင်ပြသတာဖြစ်ပါတယ်။

ဒီတော့ နိုင်ငံတကာ ရုပ်ရှင် အသစ်တွေကို ကြည့်ရှုလိုပြီဆိုရင် ဘာသာပြန် တင်ရှိပေးတဲ့ Website တွေက တစ်ဆင့် ဒေါင်းလုပ် လုပ်ယူ ကြည့်ရှုရပါတယ်။ ဒါက ယခင်နှစ်များစွာထဲက ရှိခဲ့ပြီးသား အခြေအနေပါ။

ဒီကနေ့ ခတ်ပျက်ထဲမှာတော့ အဲ့ဒီ ရုပ်ရှင်တွေကို ဒေါင်းလုပ် ယူကြည့်ရှုရင်တောင် လောင်းကစားကြေငြာတွေရဲ့ လက်ကနေ ပြေးမလွတ်နိုင်သေးပါဘူး။ အလုပ်ဆင်းချိန် အိမ်ရောက်လို့ အနားယူ ရုပ်ရှင်ကြည့်မယ် ဆိုလျင်တောင် ထိပ်ဆုံးကနေ ကြည့်ရှုရမှာက လောင်းကစားကြေငြာတွေပဲ ဖြစ်လို့ နေတာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း အနုပညာသမားတွေဟာ ပြည်ပထွက်ပြေးရတာတွေ၊ အကျဉ်းကျခံ ဖမ်းဆီးခံရတာတွေ ကြုံတွေ့ခဲ့ရပြီး ပြည်တွင်းက အနုပညာလုပ်ငန်းတွေ တိတ်ဆိတ်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကစလို့ ပြည်တွင်းမှာ အနုပညာ လုပ်ငန်းတွေ ပြန်လည် အသက်ဝင်လာခဲ့ပြီး ဒီလုပ်ငန်းတွေနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ တည်ရှိနေတဲ့ အနုပညာ သတင်းလုပ်သူ တွေလည်း ပြန်လည် အဆင်ပြေလာခဲ့ပါတယ်။
နာမည်ကြီး အနုပညာ သတင်းမီဒီယာတွေရဲ့ ဖော်ပြခြင်းကို ခံလိုက်ရပြီ ဆိုလျင် တက်သစ်စ အနုပညာရှင် တစ်ယောက်ဟာ နာမည်ကြီးဖို့ အလားအလာ များသွားတဲ့ အခြေအနေက ဒီနိုင်ငံရဲ့ ပကတိ အမှန်တရားပါ။

အနုပညာ သတင်းမီဒီယာတွေကလည်း သူတို့ မီဒီယာစာမျက်နှာတွေထက် ဖော်ပြပေးဖို့ရာ အွန်လိုင်းပေါ်မှာ လူကြည့်များလာတဲ့ အရပ် အခေါ် ပေါက် လာတဲ့ သူတွေကို ရွေးချယ် မေးမြန်းလေ့ရှိပါတယ်။

အနုပညာရှင်လို့ ၎င်းဘာသာ ခံယူထားတဲ့ လူငယ်တစ်ဦး ဟာ အရည်အသွေးမရှိတဲ့ အဓိပ္ပါယ် မယ်မယ်ရရ မရှိတဲ အနုပညာ စံနှုန်း နိမ့်ကျလွန်းတယ်လို့ ဝေဖန်ထားတဲ့ မှတ်ချက်များစွာ ရှိတဲ့ သီချင်း တစ်ပုဒ်နဲ့ အတူ လူသိများလာပါတယ်။

နာမည်ကြီး အနုပညာ သတင်းမီဒီယာ အချို့ကလည်း အဲ့ဒီလူငယ်ထံကို ဒီသီချင်း ဖန်တီးရခြင်းအကြောင်းတွေ၊ အရည်အသွေး မရှိတဲ့ သီချင်းဆိုပြီး ဝေဖန်ခံနေရတဲ့ အကြောင်းတွေကို ဆက်သွယ်မေးမြန်းပြီး ဖော်ပြကြပါတော့တယ်။

ဒီလူငယ်ကလည်း ဝေဖန်မှုတွေဟာ သူအောင်မြင်လာမှာကို မလိုလား၍ ပြောဆိုနေကြတာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ဒီတုံ့ပြန်ထားတဲ့ အကြောင်းဟာ အနုပညာ မီဒီယာတွေထက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာကြပြီး နောက်မှာတော့ ဒီသတင်းပို့စ်အောက်မှ မှတ်ချက်များထဲမှာ ဒီလူငယ်ကို ပို၍ ဆိုးရွားတဲ့ ဝေဖန်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။

အနုပညာ သတင်းထောက်အချို့ထံ ချည်းကပ်မေးမြန်ကြည့်ရာမှာတော့ သူတို့ သတင်းဌာနတွေဟာ ဒီ ဝေဖန်တဲ့ မှတ်ချက်တွေကို လစ်လျူရှုထားသလို သူတို့ အဓိက ထားသည့် အကြောင်းအရာမှာ တင်ရှိထားသည့် ဗီဒီယိုများ လူကြည့်များရေးသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဝေဖန်ခံနေရတဲ့ လူငယ်ကလည်း ဒီဝေဖန်မှုတွေကို သူ အောင်မြင်လို့ ဝေဖန်တယ်လို့သာ ခံယူပြီး ဆက်လက်၍ လူကြည့်များဖို့အတွက် ဦးတည်မယ့် အရာတွေကိုသာ အနုပညာ လို့ ဆိုကာ ဖန်တီးဖို့ လုပ်လာပါတော့တယ်။

ဒီအတွက်လည်း ကြည့်ရှုသူ ပြည်သူတွေအတွက်လည်း အမုန်းစကား တွေ သုံးပြီး ဝေဖန်မှတ်ချက်ပေးပြောဆိုတာတွေ ဆက်လက်ပြုလုပ်နေရဖွယ် ရှိဦးမှာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေ အပြင် အွန်လိုင်းပေါ်မှာ နိုင်ငံရေး အကြောင်းအရာတွေ၊ ဘာသာရေး အကြောင်းအရာတွေ ကို မိမိတို့ အယူဝါဒကအတွက် အသုံးချတာတွေကြောင့် ပြည်သူတွေဟာ အမုန်းတရားတွေသာ ပိုများလာရပြီး စိတ် ထွက်ပေါက်ကတော့ ပို၍ ဝေးကွာ လာရပါတော့တယ်။

လူထုရဲ့ စိတ်ဟာ စစ်ကောင်စီ ရဲ့ ဖိနှိပ်ကြမ်းကြုတ်မှုတွေကြောင့် အကြောက်တရားတွေ၊ စိုးရိမ်မှုတွေနဲ့ ဖိဆီးနေရသလို ကိုယ်ကျိုးရှာတဲ့ အွန်လိုင်းပေါ်က အဆိပ်ရေ ဖြန်းနေသူတွေကြောင့်လည်း စိတ်နာမကျန်းဖြစ်မှုတွေ ပိုများလာနေရ ပါတယ်။

တစ်ချိန်က NLDအစိုးရလက်ထက်မှာ စည်ကားပျော်ရွှင်ခဲ့ရတဲ့ ဖျော်ဖြေပွဲတွေ ၊ ဘုရားပွဲကစအ မီးထွန်းပွဲ၊ ရေကျော်ပွဲစျေးလိုမျိုး ပျော်ရွှင် အပန်းဖြေစရာများလဲ ကင်းမဲ့နေပါတယ်။ စစ်ကောင်စီက လုပ်ဆောင်ပေးတဲ့ ပျော်ပွဲရွှင်ပွဲဆိုတာမျိုးဟာ ရည်ရွယ်ချက် မကောင်းတဲ့ ပွဲတော်တွေ ဖြစ်ခဲ့ပြီး ညနက်အချိန် ပျော်ရွှင်စွာ ပွဲစျေးလျှောက်ဖို့အတွက်လဲ လုံခြုံမရှိတော့တဲ့ နိုင်ငံတစ်ခုပါပဲ။

ခေတ်ကာလကလည်း ဒီအခြေအနေတွေကနေ လွန်မြောက်ဖို့ ဝေးနေဆဲ ဖြစ်တာကြောင့် လူထုဟာ အွန်လိုင်းပေါ်က အဆိပ်သင့်ဖျော်ဖြေရေးတွေ လက်က လွတ်မြောက်ဖို့လည်း ဝေးနေရဦးဖွယ် ရှိနေပါတော့တယ်။