နိူင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးကို စစ်တပ်က ဖမ်းဆီးရာတွင် ကူညီပေးခဲ့သည့် ရာအိမ်မှုးသေနတ်ဖြင့် ပစ်ခံရ

Author အောင်နိူင်သူ
Categories
Published on Sep 01, 2022

နိူင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးကို ဖမ်းဆီးရာတွင် စစ်တပ်ကို ကူညီပေးခဲ့သည့် လှိုင်သာယာမြို့နယ်နေ ရာအိမ်မှုးတစ်ဦး ယနေ့ညနေပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၃ ရပ်ကွက် အောင်ချမ်းသာလမ်းနှင့် သမိန်ဗရမ်းလမ်းထောင့်မှာ ယနေ့ညနေပိုင်းက ဆိုင်ကယ်စီးလာသူနှစ်ဦးက သတင်းပေး ဒလန်ရာအိမ်မှုးကိုသေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“သူက သာယာကုန်ကျေးရွာထဲက လူငယ်တွေဖမ်းတုန်းက စစ်တပ်ကို အိမ်လိုက်ပြတာ ပြီးတော့ ၃ ရပ်ကွက်က CDM အချို့အဖမ်းခံရတာလည်း သူရဲ့စနက်မကင်းဘူး”ဟုပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးဦးဇော်လင်းဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာနှစ်ချက်ဖြင့် ဆေးရုံပို့ဆောင်စဥ် သေဆုံးသွားတာဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ရုံးကပြန်လာတဲ့အချိန် လမ်းမှာ ဆိုင်ကယ်နဲ့အနောက်ကနေ လိုက်ပစ်တာ ဆေးရုံမှာ ဆုံးသွားတယ်လို့ကြားတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့်ရဲတွေက ၃ရပ်ကွက် တိုးဂိတ်နှင့်ပစ်ခတ်မှုဖြစ်ရာ လမ်းမကြီးတစ်လျှောက်မှာ ဆိုင်ကယ်နှင့်ကားတွေကို စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။