လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာတွင် ရွှေဆိုင် ၂ဆိုင်ဓားပြတိုက်ခံရ

Author အောင်နိူင်သူ
Categories
Published on Sep 01, 2022

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရပြီး သိန်းခြောက်ရာတန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ ပါသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ရွှေဂွန်းကျေးရွာ ဗိုလ်ချုပ်လမ်းမှာရှိသည့် ထွန်းရွှေဆိုင်နှင့် သရဖူရွှေဆိုင် နှစ်ဆိုင် ဓားပြတိုက်ခံရပြီး ငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေပါသွားတာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မနက်က ကိုးနာရီကျော်လောက်ဖြစ်မယ် သေနတ်နဲ့လူတွေရောက်လာပြီး သေနတ်ပစ်ဖောက်ပြီး ရွှေတွေယူသွားတာ ရွှေတွေရော ရောင်းရတဲ့ငွေအချို့လည်းပါသွားတယ်”ဟု ပြောသည်။

ရွှေဆိုင်နှစ်ဆိုင်တွင် ရွှေသရဖူရွှေဆိုင်ကို အရင်ဓားပြတိုက်ခံရပြီးနောက် ထွန်းရွှေဆိုင်ကို ထပ်မံဓားပြတိုက်ခဲ့ရာဖြစ်သည်ဟု ကျေးရွာနေသူတစ်ဦးက ပြောသည်။

“ရွှေဆိုင်နှစ်ဆိုင်မှာ ထွန်းရွှေဆိုင်ကပါတာနည်းတယ် သရဖူက များတယ် ဓားပြတိုက်ပြီးတော့ ဆိုင်ရှေမှာ ဗုံးထောင်ခဲ့တယ်”ဟု ရှင်းပြသည်။အဆိုပါဓားပြတိုက်မှုနှင့်ပါတ်သတ်ပြီး စစ်ကောင်စီတပ်နှင့်ရဲတွေက လိုက်လံရှာဖွေခဲ့ပေမဲ့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိကြောင်း ဒေသခံတွေဆီက သိရသည်။