ကားငှားစီးသူများက ယာဉ်မောင်းအား သတ်ကာ ကားယူသွားပြီး အလောင်းအား လမ်းဘေး၌ စွန့်ပစ်

Author မေ
Categories
Published on Dec 09, 2022

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ မော်တော်ယာဉ်ငှားစီးသူများက ယာဉ်မောင်းအား သတ်ကာ ယာဉ်လုယက်ပြီး အလောင်းအား လမ်းဘေး၌ စွန့်ပစ်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ရက် ညနေပိုင်းက မြဝတီမြို့ အမှတ် ၁ရပ်ကွက်၌ အိမ်ငှားနေထိုင်၍ အငှားယာဉ်မောင်းနှင်သည့် အသက် ၃၀ကျော်အရွယ် ကိုဒဿဆိုသူ အမျိုးသား၏ အငှားယာဉ်အား ကြံခင်းဘုန်းကြီးကျောင်းအနီး၌ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ပါဝင်သော လူသုံးဦးမှ ကံ့ကော်တစ်ထောင် ဘုန်းကြီးကျောင်းသို့ သွားရန် ယာဉ်အား ငှားရမ်းခဲ့ကြောင်း သိရသည်။

ထို့နေရာမှ ထွက်လာစဉ် မြဝတီမြို့အနီး မချောလေးတောင် အနောက်ဘက်အရောက်၌ ယာဉ်ပေါ်ပါလာသူ သုံးဦးနှင့် ယာဉ်၏အနောက်မှ ကပ်၍ မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်မှ လူများက ပူးပေါင်းကာ အငှားယာဉ် မောင်းနှင်သူ ကိုဒဿအား ဓါးများဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ကြောင်း သိရသည်။

“ကိုဒဿ ပျောက်တာက ၆ရက်နေ့က။ ကျွန်တော်တို့ လိုက်ရှာကြရင်း ၈ရက်နေ့ မနက်ကမှ အလောင်းတွေ့တာပါ။ ကားလာငှားတဲ့ သုံးယောက်နဲ့ အနောက်က ကားအမဲတစ်စီးနဲ့ လိုက်လာတဲ့ အဖွဲ့ စုစုပေါင်း ရှစ်ယောက်လောက်က ပေါင်းပြီး သတ်သွားတာပါ။ “ဟု သေဆုံးသူ ကိုဒဿ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ကိုဒဿအား သတ်ပြီးနောက် လူပြတ်သည့် မချောလေးတောင် အနောက်ဘက်ရှိ လမ်းဘေး၌ အလောင်းအား စွန့်ပစ်ခဲ့ကာ ယာဉ်အားလုယက်သွားကြောင်း သိရသည်။ လုယက်သတ်ဖြတ်သွားသူများအား စုံစမ်းလျက်ရှိကြောင်း သိရပြီး သေဆုံးသူ ကိုဒဿ၏ အလောင်းအား ဒီဇင်ဘာ ၁၀ရက်နေ့၌ မီးသဂြိုဟ်မည်ဟု ၎င်း၏ မိတ်ဆွေက ဆက်လက်ပြောပြသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခဲ့ကာ လုယက်သတ်ဖြတ်မှု များစွာဖြစ်ပေါ်နေသည်။ နယ်စပ်မြို့ဖြစ်သော မြဝတီမြို့၌လည်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ မူးယစ်ဆေးဝါးများနှင့် လောင်းကစားဝိုင်းများ ပိုမိုများပြားလာပြီး ခိုးဆိုးလုနှိုက်မှုများမှသည် လုယက်သတ်ဖြတ်မှုများအထိ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကရင်ပြည် #မြဝတီမြို့နယ် #လုယက်မှု #လူသတ်