အမရပူရ၌ အာဟာရပြတ်၍ အမျိုးသားတစ်ဦး သေဆုံး

Author မေ
Categories
Published on Dec 06, 2022

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၌ အာဟာရပြတ်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၄ရက်နေ့က အမရပူရမြို့နယ်၊ တောင်အင်းလမ်းဘေးရှိ လယ်ကွင်းတစ်ခု၌ အာဟာရပြတ်ကာ အအေးပတ်၍ သတိလစ်နေသည့် အမျိုးသားတစ်ဦးအား တွေ့ရှိ၍ နီးရာ ပရဟိတအဖွဲ့ တစ်ခုမှ ဆေးကုသပေးရန် အသင်းရုံးသို့ ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

ပရဟိတအသင်းရုံးသို့ ရောက်ရှိပြီးနောက် ဆရာဝန်ဖြင့် ဆေးကုသပေးခဲ့သော်လည်း အာဟာရပြတ်သည့် ဒဏ်ကြောင့် ထိုနေ့၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

” စပါးကွင်းထဲမှာ လဲနေတာ ၂ရက်လောက်ရှိပြီ သတင်းရလို့ သွားကူညီတာပါ။ ပထမတော့ ကူညီရေးအသင်းတစ်သင်းက ဆေးရုံကို သွားပို့သေးတယ်။ လူနာရှင် မရှိလို့ လက်မခံဘူး။ အဲ့တာ ကျွန်တော်တို့ အဖွဲ့က ကူပေးခဲ့တာ။လူနာကို အသင်းရုံးခန်းခေါ်လာပြီး ဆရာဝန်နဲ့ပြတော့ ဆရာက အခြေအနေမကောင်းဘူးလို့ ပြောတယ်။ အားဆေးတွေ ဘာတွေလည်း သွင်းပေးသေးတယ်။ အဲ့ဒီနေ့မှာဘဲ သေဆုံးသွားပါတယ်။ “ဟု ကူညီပေးခဲ့သော မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၃၀ ကျော်အရွယ်ရှိကာ ၎င်းဧ၊် အလောင်းအား ကူညီပေးခဲ့သော ပရဟိတအဖွဲ့မှပင် မီးသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ (ဒီဇင်ဘာ ၆ရက်)ကလည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကုန်သွယ်မှုဗဟိုစင်တာရှေ့၌ အိမ်ခြေမဲ့နေသူ တစ်ဦး အာဟာရပြတ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့သည်။