တမူးမြို့တွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့သူ မည်သူမဆို ထိရောက်စွာ အရေးယူမည်ဟု NUG ဆို

Author လင်းခိုင်
Categories
Published on Dec 06, 2022

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးမြို့တွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့သည့် မည်သူမဆို ထိရောက်စွာ အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဒီဇင်ဘာ ၅ ရက် ည ၁၂ နာရီတွင် ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်၀တ်များနှင့် ဆန့်ကျင်နေကြောင်း၊ ဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ ပါ၀င်ပတ်သက်ခြင်း ရှိမရှိ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းများကို စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ လုပ်ဆောင်ရန် စစ်ရေးတာ၀န်ရှိသူများကို ညွှန်ကြားထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာ ကျင့်၀တ်စည်းကမ်းများအရ လုံး၀လက်သင့်မခံနိုင်သည့် ကိစ္စရပ်ဖြစ်သောကြောင့် ဖြစ်စဉ်နှင့် ပတ်သက်သည့် ကွင်းဆက်များကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူမဆို ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့၀င်များ ယခုကဲ့သို့ အကြမ်းဖက်မှုများပြုလုပ်နေသည်ဟု ပုံဖော်ရန်ကြိုးစားနေသည့် ထောင်ချောက်ထဲသို့ မကျရောက်မိစေရန် သတိချပ်ရန်၊ စစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇ၀တ်မှုများ၊ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်နိုင်ရေး၊ စစ်ရေးနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲ၀င်နေကြသော်လည်း စစ်အုပ်စုတပ်ဖွဲ့၀င်များကဲ့သို့ အသိတရားမဲ့ မဖြစ်စေရေး ဂရုပြုရန် NUG က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မုန်းတီးမှု၊ ဖိနှိပ်မှုများမှကင်းဝေးပြီး အပြန်အလှန်မှီခိုမှု၊ ကရုဏာရှိမှု၊ အပြန်အလှန်ကူညီစောင့်ရှောက်မှု တို့ကိုအခြေခံသည့် လွတ်လပ်သော အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကိုမျှော်ရည်လျက် ယခုဖြစ်စဉ်ကဲ့သို့ ကိစ္စများ နိုင်ငံတော် မည်သည့်နေရာတွင်မှ ထပ်မံမဖြစ်ပွားခြင်းမရှိစေရန် တာ၀န်ယူ၊ တာ၀န်ခံမှုအပြည့်ဖြင့် ကွပ်ကဲသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #တမူးမြို့ #NUG