စစ်ကောင်စီလက်ထက် တိုးတက်မှုမရှိသည့် မြင်းကဆိပ်တံတား စီမံကိန်း

Author စကားဝါ
Categories
Published on Nov 29, 2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ခရီးသွားလာနိုင်ရေးအတွက် အန္တရာယ်ရှိ ကြိုးတံတားများအား သံကူကွန်ကရိတံတားများအဖြစ် အဆင်မြှင့်တင် ဆောင်ရွက်ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် တံတားများ လမ်းများ အဆင့်မြှင့်မှုများ တိုးတက်မှုမရှိဘဲ ရပ်တန့်နေကာ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် ခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မြောင်းမြကြိုးတံတားပျက်စီးမှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ ကြိုးတံတားများ၏ အရည်အသွေးများအား ကျွမ်းကျင်ပညာရှင်များဖြင့် အရည်အသွေးစစ်ဆေးရာတွင် အန္တရာယ်ရှိ ကြိုးတံတား ၆စင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီ အာဏာသိမ်းယူသည့်နေ့တွင် စတင်ဖျက်သိမ်း ဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်ရှိ မြင်းကဆိပ်ကြိုးတံတား အဆင့်မြှင့်တင်မှုမှာ ယနေ့အချိန်ထိ ပြီးဆုံးခြင်း မရှိသေးကြောင်း သိရသည်။

“မြင်းကဆိပ်တံတားကို ဖျက်ပြီး အဆင့်မြှင့်နေတာက နှစ်နှစ်ပြည့်တော့မယ် အခုထိ ဘာမှ မထူးဘူး၊ အမေစု လက်ထက် လပွတ္တာတံတားကို ဖျက်ပြီးတော့ ဆောက်သွားတာ လပိုင်းပဲကြာတယ်၊ အခုက အမြဲတန်း ဇက်စောင့်ကူးနေရတယ်၊ အခုထိ ရေလယ်တိုင်တွေတောင် အကုန်မပြီးသေးဘူး”ဟု ပုသိမ်-လပွတ္တာလမ်းပိုင်းအား နေ့စဉ်နီးပါး အသုံးပြုနေရသူ ခရီးသွားတစ်ဦးက ပြောသည်။

ယင်းအပြင် အဆင့်မြှင့်တင်ဆောင်ရွက်ရန် လုပ်ဆောင်ထားသည့် ရန်ကုန်-ပုသိမ် ကားလမ်းမစီမံကိန်းမှာလည်း လုပ်ငန်းအများစု ရပ်တန့်နေခဲ့ရကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် လျှပ်စစ်ရထားများ ပြေးဆွဲမည် ၊ လမ်းပန်းဆက်သွယ်ရေးများ အဆင့်မြှင့်တင်မည်ဟု မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသော်လည်း လက်တွေ့ မြေပြင်တွင်မူ အာဏာတည်မြဲရေးအတွက် အကြမ်းဖက်မှုများကိုသာ ဆက်တိုက်လုပ်ဆောင်နေပြီး တိုင်းပြည်ဖွံဖြိုးတိုးတက်မှုအပေါ် အလေးနက်မရှိကြောင်း မြေပြင်တွင် ဖြစ်ပေါ်နေသည့် အချက်အလက်များအရ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #မြင်းကဆိပ် #ကြိုးတံတား