တော်လှန်ရေး နှေးသလား၊ မြန်သလား စောင့်ကြည့် ဝေဖန်သူများရှိနေကြောင်း ကာကွယ်ရေး၀န်ကြီး ပြောကြား

Author လင်းခိုင်
Categories
Published on Nov 23, 2022

တော်လှန်ရေး နှေးသလား၊၊ မြန်သလား စောင့်ကြည့် ဝေဖန်သူများရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးရည်မွန်က ယနေ့ ရေဒီယို NUGမှတဆင့် PDF ရဲဘော်များသို့ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ငါတို့ရဲဘော်တွေအနေနဲ့ ကိုယ့်တော်လှန်ရေးရဲ့ လာရာနဲ့ လားရာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ပဲ၊ ဒီတော်လှန်ရေးနှေးသလား၊ မြန်သလား စောင့်ကြည့်ဝေဖန်နေသူတွေလည်းရှိတယ်။ အားလုံးက တော့ အမြန်ဆုံး အောင်ပွဲနဲ့ တော်လှန်ရေးကို အဆုံးသတ်ချင်သူတွေချည်းပဲ၊ တော်လှန်ရေးအနှေးအမြန်ဆိုတာ မိမိရဲ့ စိတ်ဆန္ဒတစ်ခုတည်းပေါ်မှာ စီမံဆောင်ရွက်လို့ရတာမျိုး မဟုတ်ဘူး” ဟု ကာကွယ်ရေး၀န်ကြီးက ပြောသည်။

တည်တည်ငြိမ်ငြိမ်၊ ခေါင်းအေးအေးထားပြီး ခြေလှမ်းမှန်မှန်လှမ်းနိုင်ပါက ပန်းတိုင်သည် တစ်နေ့ထက်တစ်နေ့ နီးလာမည်ဖြစ်ပြီး၊ တော်လှန်ရေး လမ်းမလွဲရန်၊ တော်လှန်ရေးလမ်းမချော်ရန် ကိုယ့်အချင်းချင်းစိတ်၀မ်းမကွဲရေး၊ နားလည်မှုရှိရေးသည် အင်မတန်အရေးကြီးကြောင်း ကာကွယ်ရေး၀န်ကြီးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးလိုက်သည့် အပေါ် ရှု့ထောင့်အမျိုးမျိုး ဝေဖန်သုံးသပ်နေကြောင်း၊ သေချာမှုတစ်ခုသည် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေး အဖက်ဖက်မှ ဘေးကျပ်နံကျပ်ဖြစ်နေသည့် စစ်ကောင်စီအဖို့ အသက်ရှုပေါက် ရလိုရငြား နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပြခြင်းဖြစ်သည်ဟု ကာကွယ်ရေး၀န်ကြီးက ဆိုသည်။

“ရည်ရွယ်ချက်ကတော့ နိုင်ငံရေး မျက်လှည့်ပြခြင်းအားဖြင့် တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို လျှော့ချဖို့၊ နိုင်ငံတကာဖိအားကို လျှော့ချဖို့ပဲဖြစ်တယ်ဆိုတာ ထင်ရှားတယ်” ဟု ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က ပြောကြားသည်။

နေ့စဉ်နှင့် အမျှ ရွာများကို မီးရှို့ပြီး၊ သတ်ဖြတ်၊ နှိပ်စက်၊ အကြမ်းဖက်နေသည့် စစ်အာဏာရှင်ကို ဒူးမထောက်ပဲ အပြင်းအထန်ဆန့်ကျင် တွန်းလှန်နေသည့် ပြည်သူများ၏ ဇွဲ၊ သတ္တိနှင့် ခံနိုင်ရည်သည် စစ်ကောင်စီအတွက် ထိတ်လန့်စရာဖြစ်လာကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“နိုင်ငံတကာ ကလည်း NUG နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံလာကြတာလည်း စစ်ကောင်စီအတွက် စိုးရိမ်စရာဖြစ်တယ်။ တကယ်တော့ နိုင်ငံတကာ ဖိအားဆိုတာ ပြည်တွင်းဖိအားပေါ်မှာပဲ အဓိက အကြောင်းခံတယ်” ဟု ကာကွယ်ရေး၀န်ကြီးက ပြောကြားသည်။

ထို့ပြင် နိုင်ငံခြားတိုင်းပြည် များအနေဖြင့်လည်း ပြည်သူလုံး၀လက်မခံသည့် အာဏာသိမ်းအကြမ်းဖက်အဖွဲ့ကို မျက်နှာပြောင်တိုက်ပြီး အသိအမှတ်ပြု ဆက်ဆံရန်ဆိုသည်မှာ ဖြစ်နိုင်သည့် ကိစ္စမဟုတ်ကြောင်း ဦးရည်မွန်က ဆိုသည်။