ပြည့်တန်ဆာများနှင့် ပျော်ပါးသည့် စစ်ကောင်စီတပ်သားများ ငွေကြေးလိမ်လည်ခံရသဖြင့် ခေါင်းဖြစ်သူကို ဖမ်းဆီးရာ ရဲတစ်ဦးဖြစ်နေ

Author ကိုပေါက်
Categories
Published on Nov 21, 2022

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ၊ နို၀င်ဘာ ၂၀ ရက် ညပိုင်းက ပြည့်တန်ဆာခေါင်းတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့၀င်ဖြစ်နေကြောင်း ရဲအသိုင်းအဝိုင်းက သိရသည်။

မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ပြည့်တန်ဆာများ ခေါ်ယူပျော်ပါးရာတွင် ငွေကြေး လိမ်လည်မှုများရှိနေသောကြောင့် ခေါင်းဆောင်ဖြစ်သူကို လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူမှာ ရဲတစ်ဦးဖြစ်နေသည်ဟု ရဲနှင့် နီးစပ်သူတစ်ဦးက CJ Platform သို့ပြောသည်။

“စစ်သားတွေက ပြည့်တန်ဆာတွေကိုခေါ်တယ်။ ပိုက်ဆံအရင်ယူပြီး ဟိုတယ် ဒါမှ မဟုတ် တည်းခိုခန်းတွေရောက်ရင် ကောင်မလေးတွေက ခဏလေးဆိုပြီး ပြန်မလာတော့ဘူး။ အကျော်ခံရတယ်ပေါ့ဗျာ။ အဲ့ဒီကနေ ပြသနာက စတာ ဒေါသတွေထွက်ပြီး လိုက်ဖမ်းတာ၊ ခေါင်းကိုမိတော့ စစ်လိုက်တဲ့အခါ ရဲဖြစ်နေတယ်” ဟု ရဲနှင့် နီးစပ်သူ တစ်ဦးကရှင်းပြသည်။

ဖမ်းဆီးခံရသည့် ပြည့်တန်ဆာခေါင်းဆိုသူသည် မန္တလေးတိုင်း မှုခင်းကျဆင်းရေးတပ်ဖွဲ့မှ ရဲတပ်သား နေဇော်လှိုင်ဖြစ်ပြီး တိုင်းရဲတပ်ဖွဲ့မှူးမှ အရေးပေးထားသူ တစ်ဦးဖြစ်ကြောင်း ရဲ၀န်ထမ်းဟောင်းတစ်ဦးက CJ Platform သို့ပြောသည်။

“ဖြစ်တာက ၂၀ ရက်နေ့ည စစ်တပ်က အရာရှိတစ်ဦးက ကောင်မလေးခေါ်တယ်။ အဲ့ဒီရဲအဆက်အသွယ်နဲ့ခေါ်တာ ဟိုတယ်ရောက်တော့ ကောင်မလေးက ရေသွားချိုးအုံးမယ်ဆိုပြီး အဲ့ဒီစစ်တပ်က အရာရှိရဲ့ အင်္ကျီရယ်၊ ပိုက်ဆံရယ်၊ ဖုန်းရယ်ယူသွားတာ၊ အ၀တ်ဗလာနဲ့ ပြန်လာပြီး ပြသနာဖြစ်တာကစပြီး ခေါင်းကို ဖမ်းပေးဆိုပြီး သောင်းကျန်းရာကနေမိတာ” ဟု ရှင်းပြသည်။

လက်ရှိတွင် ပြည့်တန်ဆာခေါင်းဖြစ်သူ ရဲတပ်သားနေဇော်လှိုင်ကို မန္တလေး နန်းတွင်းစစ်ကြောရေး၌ ဖမ်းဆီးထားသည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူများဆီက သိရသည်။