၁၀လ အတွင်း မြန်မာနိုင်ငံသား ၁၂,၁၇၆ ဦး ပြန်ပို့ခဲ့ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်
၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ၁၀ လတာကာလအတွင်း မြန်မာနိုင်ငံသား ၁၂,၁၇၆ ဦးကို မလေးရှားနိုင်ငံက နေရပ်ပြန်ပို့ခဲ့တယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးဌာန (KDN) က ထုတ်ပြန်ပါတယ်။
ပြန်ပို့ခဲ့သူတွေထဲမှာ စက်တင်ဘာ ၂၉ ရက်က စစ်အုပ်စု ရေတပ်သင်္ဘောနဲ့ နေရပ်ပြန်ပို့ခဲ့တဲ့ ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ ပြန်ပို့ခံရသူစာရင်းဟာ လူမျိုးအလိုက် သတ်မှတ်ထားတာမဟုတ်ဘဲ မူရင်းနိုင်ငံက အတည်ပြုထားတဲ့ နိုင်ငံသားဖြစ်မှုအပေါ် အခြေခံပြီး မှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက် ရိုဟင်ဂျာလူမျိုးတွေကို သီးခြားရည်ညွှန်းတာ မဟုတ်ဘူးလို့ ဝန်ကြီးဌာနက ဆိုပါတယ်။
ကွာလာလမ်ပူမြို့ ကေပေါင်းမဲဆန္ဒနယ်မှ လွှတ်တော်အမတ် လင်မ်လစ်အန်း (Lim Lip Eng) က မလေးရှားနိုင်ငံအတွင်း ရိုဟင်ဂျာဦးရေ၊ အခုနှစ်အတွင်း မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တဲ့အရေအတွက်နဲ့ နေရပ်ပြန်ရောက်ချိန်မှာ သူတို့ရဲ့လုံခြုံရေးအတွက် ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့တာကို ဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာမှာ အခုလို ထည့်သွင်း ဖြေကြားထားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ မှတ်တမ်းတွေအရ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၁၃၃,၄၀၀ ဦးကို ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေအဖြစ် စက်တင်ဘာ ၃၀ ရက်အထိ မှတ်ပုံတင်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
တစ်ဖက်မှာလည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) ရဲ့ မှတ်တမ်းတွေအရ အောက်တိုဘာ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၁၁,၂၀၈ ဦး ထိန်းသိမ်းခံထားရပြီး အဲဒီအထဲမှာ ရိုဟင်ဂျာ ၆,၂၉၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။
တရားဝင်ခရီးသွားလာခွင့် ဒါမှမဟုတ် သက်သေခံအထောက်အထား စာရွက်စာတမ်းတွေ မရှိတဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့ရာမှာ သူတို့ရဲ့အထောက်အထားနဲ့ နိုင်ငံသားဖြစ်မှုကို စိစစ်အတည်ပြုဖို့၊ ခရီးသွားလာခွင့်စာရွက်စာတမ်းတွေ ထုတ်ပေးနိုင်ဖို့အတွက် မူရင်းနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါကြောင့် နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုရေး၊ ခရီးသွားလာခွင့်စာရွက်စာတမ်းတွေ ထုတ်ပေးရေးနဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေ အမြန်ဆောင်ရွက်နိုင်ဖို့ အမျိုးသားလုံခြုံရေးကောင်စီ (MKN) နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မြန်မာနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေ မလေးရှားနိုင်ငံထဲ ဝင်ရောက်လာတဲ့ နည်းလမ်းတွေနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံရဲ့ တရားဝင်ဝင်ပေါက်အဖြစ် သတ်မှတ်ထားခြင်းမရှိတဲ့ ကုန်းလမ်းနဲ့ ရေလမ်းကြောင်းတွေကနေ တရားမဝင် ဝင်ရောက်လာမှုတွေကို တွေ့ရှိထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီလို ဝင်ရောက်မှုတွေမှာ မြန်မာနိုင်ငံ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ စတင်ပြီး ကြားခံနိုင်ငံတွေကို ဖြတ်သန်းကာ မလေးရှားနိုင်ငံထဲ ဝင်ရောက်နိုင်ဖို့ စီစဉ်ပေးနေတဲ့ ဒေသတွင်း လူမှောင်ခိုကူးမှုကွန်ရက်တွေ ပါဝင်နေတယ်လို့ ဝန်ကြီးဌာနက ဖော်ပြပါတယ်။
ဒါပေမဲ့ လူတစ်ဦးချင်းစီရဲ့ ဝင်ရောက်လာတဲ့ လမ်းကြောင်းနဲ့ နည်းလမ်းကိုတော့ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ မှတ်တမ်းအချက်အလက်တွေကို စိစစ်အတည်ပြုခြင်းတို့မှသာ သေချာစွာ သိရှိနိုင်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
Ref – Bernama
