ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာလူငယ်တွေရဲ့ ပညာရေးအိပ်မက် ဘယ်သူတွေ အကောင်အထည်ဖော်ပေးမလဲ

Author Mohammed Sohaib
Categories
Published on Nov 18, 2026

ဆရာဝန်၊ အင်ဂျင်နီယာ၊ ဆရာ၊ သုတေသီနဲ့ သတင်းထောက်တွေ ဖြစ်လာဖို့ အိပ်မက်တွေ ရှိနေကြတဲ့ ရိုဟင်ဂျာလူငယ်တွေအတွက် ပညာရေးခရီးလမ်းဟာ လွယ်ကူမနေပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ သူတို့အတွက် အခြေခံပညာရေးရရှိဖို့တောင် အခက်အခဲတွေ ရှိနေသလို အထက်တန်းနဲ့ တက္ကသိုလ်အဆင့်အထိ ဆက်လက်သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေကလည်း အလွန်နည်းပါးနေပါတယ်။

 

ပညာရေးဟာ ကလေးတိုင်း ရရှိသင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပေမဲ့ ရိုဟင်ဂျာကလေးငယ်တွေနဲ့ လူငယ်တွေအတွက်တော့ အဲဒီအခွင့်အရေးကို အပြည့်အဝရရှိဖို့ အခုအချိန်အထိ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေဆဲပါ။

 

၂၀၁၇ ခုနှစ် ဩဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေကြောင့် ရိုဟင်ဂျာမိသားစု ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ သူတို့နဲ့အတူ ထွက်ပြေးလာခဲ့ရတဲ့ ကလေးငယ်အများအပြားဟာလည်း ပညာသင်ကြားမှုတွေ ရပ်တန့်ခဲ့ရပါတယ်။

 

နေရပ်စွန့်ခွာလာချိန်မှာ မိသားစုတွေအတွက် အစားအစာ၊ နေစရာ၊ လုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေက အရေးပေါ်လိုအပ်ချက်တွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေက ကလေးတွေအတွက် သင်ကြားရေးစင်တာတွေ ဖွင့်လှစ်ပေးခဲ့တာကြောင့် အများအပြား ပညာပြန်လည်သင်ယူခွင့် ရရှိခဲ့ကြပါတယ်။

 

ဒါပေမဲ့ သင်ထောက်ကူပစ္စည်း မလုံလောက်တာ၊ အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမတွေ နည်းပါးတာနဲ့ သင့်တော်တဲ့ စာသင်ခန်းမရှိတာတွေက ပညာရေးအရည်အသွေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့် မူလတန်းအဆင့် ပြီးဆုံးပြီးနောက် အလယ်တန်း၊ အထက်တန်းနဲ့ အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ပိုမိုနည်းပါးလာပါတယ်။

 

ပညာသင်ယူခဲ့ပေမဲ့ ရှေ့ဆက်ဖို့ လမ်းမမြင်သေးတဲ့ လူငယ်တွေ

 

ရိုဟင်ဂျာကျောင်းသားတွေအတွက် အခက်ခဲဆုံးမေးခွန်းတွေက အထက်တန်းပညာရေးကို ပြီးဆုံးနိုင်ပါ့မလား၊ တက္ကသိုလ်တက်ရောက်နိုင်ပါ့မလား၊ ကိုယ်ရရှိထားတဲ့ ပညာရေးလက်မှတ်တွေကို အခြားပညာရေးအဖွဲ့အစည်းတွေက အသိအမှတ်ပြုပါ့မလား ဆိုတာတွေ ဖြစ်ပါတယ်။

 

တချို့ကျောင်းသားတွေဟာ ရရှိနိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြီးဆုံးခဲ့ပေမဲ့ အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူဖို့ အခွင့်အရေး မရကြပါဘူး။ အသက်အရွယ်ကြီးလာတဲ့ ကျောင်းသားတွေအတွက် ရွေးချယ်စရာလမ်းကြောင်းတွေကလည်း ပိုနည်းလာပါတယ်။

 

BRAC University၊ Open Society University Network (OSUN)၊ Bard College နဲ့ Asian University for Women (AUW) တို့က ရိုဟင်ဂျာကျောင်းသားတချို့အတွက် အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူနိုင်မယ့် အခွင့်အလမ်းတွေ ပေးအပ်နေပါတယ်။ အမျိုးသမီးကျောင်းသူတချို့ဟာ AUW မှာ ပညာသင်ယူခွင့်ရခဲ့ကြသလို အမျိုးသားကျောင်းသားတချို့ကလည်း အခြားအဖွဲ့အစည်းတွေကတစ်ဆင့် အွန်လိုင်းပညာရေးနဲ့ အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူနိုင်ခဲ့ကြပါတယ်။

 

ဒါပေမဲ့ ဒီအခွင့်အလမ်းတွေဟာ ကျောင်းသားအားလုံး လက်လှမ်းမီနိုင်တဲ့အထိ မလုံလောက်သေးပါဘူး။

 

ရိုဟင်ဂျာကျောင်းသားတစ်ဦးဖြစ်တဲ့ SA Saddam Hussein ဟာလည်း နေရပ်စွန့်ခွာမှုကြောင့် ပညာရေးခရီးလမ်း ထိခိုက်ခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ သူက ၂၀၂၆ ခုနှစ်မှာ စာရေးသူနဲ့ ပြုလုပ်ခဲ့တဲ့ ကိုယ်ရေးကိုယ်တာအင်တာဗျူးမှာ သူ့ရဲ့ပညာရေးအတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

 

သူဟာ မြန်မာနိုင်ငံမှာ နေထိုင်စဉ်ကတည်းက ပညာသင်ယူခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာ မိသားစုနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာကြောင့် ပညာသင်ကြားမှု ရပ်တန့်ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိပြီးနောက် ပညာဆက်လက်သင်ယူနိုင်ဖို့ ကြိုးစားခဲ့ပြီး RA-Learning Centre (RA-LC) မှာ ပညာသင်ယူကာ Grade-10 အဆင့်အထိ ပြီးဆုံးခဲ့ပါတယ်။

 

ဒါပေမဲ့ လက်ရှိမှာတော့ အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူနိုင်ခြင်း မရှိသေးသလို ဒုက္ခသည်စခန်းအတွင်း အခွင့်အလမ်းနည်းပါးမှုကြောင့် ဝင်ငွေရရှိအောင်လည်း မလုပ်ကိုင်နိုင်သေးပါဘူး။

 

ရိုဟင်ဂျာကျောင်းသားအများအပြားမှာ အောင်မြင်မှုတွေရရှိနိုင်မယ့် အရည်အချင်းနဲ့ စိတ်အားထက်သန်မှုတွေ ရှိနေကြပေမဲ့ အခွင့်အလမ်းမရှိတာက သူတို့ရဲ့ရှေ့ဆက်လမ်းမှာ အတားအဆီးဖြစ်နေတယ်လို့ သူက ယူဆပါတယ်။

 

အွန်လိုင်းပညာရေးက အခွင့်အလမ်းဖြစ်ပေမဲ့ အစားထိုးဖြေရှင်းချက်တော့ မဟုတ်

 

ယနေ့ခေတ်မှာ အွန်လိုင်းသင်တန်းတွေ၊ ပညာရေးဝက်ဘ်ဆိုက်တွေနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကတစ်ဆင့်လည်း ပညာသင်ယူနိုင်ပါတယ်။ ဒီအခွင့်အလမ်းတွေဟာ ရိုဟင်ဂျာလူငယ်တွေအတွက် အင်္ဂလိပ်စာ၊ ကွန်ပျူတာကျွမ်းကျင်မှုနဲ့ အခြားဘာသာရပ်တွေကို လေ့လာနိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

 

စာရေးသူကိုယ်တိုင်လည်း အွန်လိုင်းပညာရေးအခွင့်အလမ်းတွေကို အသုံးပြုပြီး အသိပညာနဲ့ ကျွမ်းကျင်မှုတွေ တိုးတက်အောင် လေ့လာနေတယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ ကျောင်းသားတချို့မှာ စမတ်ဖုန်းနဲ့ ကွန်ပျူတာမရှိတာ၊ အင်တာနက်လိုင်းမကောင်းတာနဲ့ လျှပ်စစ်မီးပြတ်တောက်တာတွေကြောင့် အွန်လိုင်းပညာရေးကို လက်လှမ်းမီဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် အွန်လိုင်းပညာရေးဟာ ပုံမှန်စာသင်ခန်းပညာရေးကို အစားထိုးနိုင်တဲ့ ဖြေရှင်းချက်တစ်ခု မဟုတ်ဘဲ အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။

 

ပညာရေးအရည်အသွေး တိုးတက်ဖို့အတွက် ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ရိုဟင်ဂျာဆရာ၊ ဆရာမတွေနဲ့ ရပ်ရွာအတွင်းက ပညာရေးလုပ်သားတွေဟာ အခက်အခဲတွေကြားက ကျောင်းသားတွေကို ဆက်လက်ပံ့ပိုးပေးနေကြပေမဲ့ သူတို့ကိုယ်တိုင်လည်း သင့်လျော်တဲ့ သင်တန်းတွေ၊ သင်ထောက်ကူပစ္စည်းတွေနဲ့ ငွေကြေးအထောက်အပံ့တွေ လိုအပ်နေပါတယ်။

 

ပညာရေးအစီအစဉ်တွေ ဆက်လက်လည်ပတ်နိုင်ဖို့ ရန်ပုံငွေမလုံလောက်တာကလည်း အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဇွန်လမှာ ရိုဟင်ဂျာဒုက္ခသည် ကလေးငယ် ၂၃၀,၀၀၀ ဝန်းကျင်ဟာ ရန်ပုံငွေမလုံလောက်မှုကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ UNICEF က သတိပေးခဲ့ပါတယ်။

 

ပညာရေးအခွင့်အရေးရရှိဖို့ လိုအပ်တဲ့ အပြောင်းအလဲတွေ

 

ရိုဟင်ဂျာကျောင်းသားတွေအတွက် ပညာရေးအခြေအနေ တိုးတက်လာစေဖို့ သင်ကြားရေးစင်တာတွေကို တည်ငြိမ်တဲ့ ငွေကြေးအထောက်အပံ့ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မူလတန်းကနေ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်နဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေအထိ ဆက်လက်သင်ယူနိုင်မယ့် ရှင်းလင်းတဲ့ ပညာရေးလမ်းကြောင်းတွေ ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။

 

ဆရာ၊ ဆရာမတွေအတွက် သင်တန်းနဲ့ သင်ထောက်ကူပစ္စည်းတွေ ပံ့ပိုးပေးတာ၊ ကျောင်းသားတွေ ဒစ်ဂျစ်တယ်ပညာရေးကို လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ပေးတာတွေအပြင် ပညာရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ရိုဟင်ဂျာကျောင်းသားတွေကိုယ်တိုင် ပါဝင်ဆွေးနွေးခွင့်ပေးဖို့လည်း အရေးကြီးပါတယ်။

 

ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အကောင်းဆုံးနားလည်သူတွေဖြစ်ပြီး ပညာရေးအခြေအနေ တိုးတက်လာစေမယ့် အကြံဉာဏ်တွေ ပေးနိုင်သူတွေလည်း ဖြစ်လို့ပါ။

 

အခက်အခဲတွေ အများအပြားရှိနေပေမဲ့ ရိုဟင်ဂျာလူငယ်တွေဟာ ဆရာဝန်၊ ဆရာ၊ အင်ဂျင်နီယာ၊ သုတေသီ၊ သတင်းထောက်နဲ့ ရပ်ရွာခေါင်းဆောင်တွေ ဖြစ်လာဖို့ အိပ်မက်တွေကို ဆက်လက်ဆုပ်ကိုင်ထားကြပါတယ်။ သူတို့ဟာ အသိပညာနဲ့ ကျွမ်းကျင်မှုတွေ ရရှိဖို့၊ မိသားစုကို ထောက်ပံ့နိုင်ဖို့နဲ့ ကိုယ့်လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်ဖို့ ဆန္ဒရှိနေကြပါတယ်။

 

နေရပ်စွန့်ခွာခဲ့ရမှုကြောင့် ရိုဟင်ဂျာကလေးငယ်တွေနဲ့ လူငယ်တွေဟာ အခွင့်အလမ်းများစွာ ဆုံးရှုံးခဲ့ကြပြီးပါပြီ။ အခုအခါမှာတော့ အရည်အသွေးပြည့်မီတဲ့ ပညာရေးရရှိခွင့်ကို ထပ်မံဆုံးရှုံးမခံသင့်တော့ပါဘူး။

 

“ကျွန်တော်တို့ဟာ အထူးအခွင့်အရေးတွေ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ပညာသင်ယူခွင့်၊ ပညာရေးကို ဆက်လက်သင်ယူခွင့်နဲ့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်နိုင်မယ့် အခွင့်အရေးတွေကိုသာ တောင်းဆိုနေတာ ဖြစ်ပါတယ်။”

 

ရိုဟင်ဂျာကလေးတိုင်းမှာ အိပ်မက်တစ်ခုစီ ရှိနေပါတယ်။ အဲဒီအိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့လိုအပ်နေတာက အခွင့်အရေးနဲ့ အခွင့်အလမ်းတွေ ဖြစ်ပါတယ်။