ဂန့်ဂေါမှာ ကျောင်းသားတွေ 5Cs အရည်အချင်း ဖွံ့ဖြိုးစေဖို့ Project Based Learning စတင်အကောင်အထည်ဖော်

Author CJ Platform
Categories
Published on Nov 18, 2026

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် (ယောဒေသ) မှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်း၊ ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ နိုင်ငံသားကောင်းတစ်ဦးအဖြစ် တာဝန်ယူတတ်မှုတို့ ပါဝင်တဲ့ 5Cs အရည်အချင်းတွေ ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ပြီး Project Based Learning (PBL) သင်ယူမှုအစီအစဉ်ကို ၂၀၂၆ ခုနှစ်ကစတင်ကာ မြို့နယ်တစ်ခုလုံးမှာ အကောင်အထည်ဖော်နေတယ်လို့ ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရပါတယ်။

 

အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နိုဝင်ဘာ ၁၆ ရက်မှာ ကျောင်းသား၊ ကျောင်းသူတွေ ကိုယ်တိုင် ဖန်တီးပြုလုပ်ထားတဲ့ Project တွေကို ခင်းကျင်းပြသခဲ့တယ်လို့လည်း သိရပါတယ်။

 

“အဓိကရည်ရွယ်ချက်ကတော့ 5Cs လို့ခေါ်တဲ့ Critical Thinking, Communication, Collaboration, Creativity နဲ့ Citizenship ရဖို့အတွက်ပါဗျ” လို့ ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့က CJ Platform ကို ပြောပါတယ်။

 

Project Based Learning ဟာ ဆရာ၊ ဆရာမတွေက စာအုပ်ပါသင်ခန်းစာတွေကို ရှင်းပြသင်ကြားပေးတာထက် ကျောင်းသား၊ ကျောင်းသူတွေကို လက်တွေ့ဘဝနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို ကိုယ်တိုင်လေ့လာစူးစမ်းတာ၊ အဖြေရှာတာနဲ့ လက်တွေ့ဖန်တီးလုပ်ဆောင်တာတွေကတစ်ဆင့် သင်ယူစေတဲ့ နည်းလမ်းဖြစ်တယ်လို့ ပညာရေးဘုတ်အဖွဲ့က ရှင်းပြပါတယ်။

 

“သင်ကြားမှုပုံစံမဟုတ်ပါဘူးဗျ။ ကျောင်းသားတွေကိုယ်တိုင် လက်တွေ့ပြုလုပ်တဲ့ သင်ယူမှုပုံစံပါဗျ။ ပုံမှန်သင်ကြားမှုမှာက ဆရာကပဲ အများကြီးပြောပြီး ကျောင်းသားကို မှတ်ခိုင်းတာ၊ အခုက ဆရာက နည်းလမ်းပြပြီး ကျောင်းသားကိုယ်တိုင် လက်တွေ့တီထွင်ဖန်တီးမှုကို ဦးစားပေးတာကို ပြောတာပါဗျ” လို့ ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

 

သင်ယူမှုနည်းလမ်းတွေကတစ်ဆင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ 5Cs အရည်အချင်းတွေ ဖွံ့ဖြိုးလာစေဖို့ ကြောက်ရွံ့မှုကင်းတဲ့ စာသင်ခန်းပတ်ဝန်းကျင် ဖန်တီးပေးတာ၊ ဆရာ၊ ဆရာမတွေအနေနဲ့ သင်ကြားမှုပုံစံ ပြောင်းလဲတာနဲ့ ကျောင်းသားတွေကိုယ်တိုင် မေးခွန်းထုတ်တာ၊ စဉ်းစားလေ့လာတာတွေကို အားပေးဖို့ လိုအပ်ကြောင်းလည်း ပညာရေးဘုတ်အဖွဲ့က ဆိုပါတယ်။

 

ဒါ့အပြင် ပဋိပက္ခဒေသတွေမှာ ပညာရေးအဆင့်အတန်း တိုးတက်လာစေဖို့ မိဘတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးပြီး ကျောင်းသားတွေရဲ့ သင်ယူမှုကို အားပေးတာ၊ လိုအပ်တဲ့ ငွေကြေးနဲ့ သင်ထောက်ကူပစ္စည်းတွေ ပံ့ပိုးပေးတာ၊ အမှားတွေကတစ်ဆင့် သင်ခန်းစာယူနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးတာတွေ လိုအပ်ကြောင်း ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

 

“မိဘတွေရဲ့ ပူးပေါင်းမှုကလည်း အရေးကြီးပါတယ်ဗျ။ ငွေကြေးပံ့ပိုးမှု၊ ကျောင်းသားတွေကို သင်ယူမှုအားပေးမှု၊ လုံခြုံတဲ့ကျောင်းပတ်ဝန်းကျင် ဖန်တီးမှုနဲ့ ကျောင်းသားတွေကို အမှားတွေကနေ သင်ခန်းစာယူပြီး ဘဝကို သင်ယူခွင့်ရှိအောင် အမှားလုပ်တိုင်း အပြစ်မပေးဖို့ (ပြင်လို့ရတဲ့အမှား) တွေမှာ မိဘတွေရဲ့ အခန်းကဏ္ဍဟာ ပညာရေးစနစ်သစ်မှာ အလွန်ကို အရေးကြီးပါတယ်ဗျ” လို့ ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

 

အဆိုပါ Project Based Learning အစီအစဉ်ကို ၂၀၂၆ ခုနှစ်ကစတင်ကာ ဂန့်ဂေါမြို့နယ်တစ်ခုလုံး လွှမ်းခြုံလုပ်ဆောင်နေပေမဲ့ လုံခြုံရေးအခြေအနေတွေကြောင့် အချို့ကျောင်းတွေရဲ့ လုပ်ဆောင်မှုတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြခြင်းမပြုဖို့ ကန့်သတ်ထားကြောင်းလည်း သိရပါတယ်။

 

အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ ဘဏ္ဍာငွေအခက်အခဲ၊ သင်ထောက်ကူပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်မှုနဲ့ ဒေသအခြေအနေတွေကြောင့် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူရာမှာ အခက်အခဲရှိတာတွေဟာ အဓိကစိန်ခေါ်မှုတွေဖြစ်ကြောင်း ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

 

အဆိုပါအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ဈေးနှုန်းသက်သာတဲ့ ပစ္စည်းတွေကို ရွေးချယ်အသုံးပြုတာ၊ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီး တီထွင်ဖန်တီးစေတာတွေအပြင် မိဘတွေကိုလည်း အသိပညာပေးဆွေးနွေးတာတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

 

“အဓိကစိန်ခေါ်မှုက ဈေးနှုန်းကြီးမြင့်မှုနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့ ခက်ခဲမှု၊ ဘဏ္ဍာငွေအခက်အခဲပါဗျ။ ငွေကုန်ကျမှုသက်သာစေမယ့် ပစ္စည်းတွေ၊ စွန့်ပစ်ပစ္စည်းတွေနဲ့ တီထွင်ဖန်တီးမှုကို ဦးစားပေးတီထွင်စေခြင်း၊ မိဘတွေကို ဟောပြောစည်းရုံးပေးခြင်းတွေနဲ့ ကူညီပေးပါတယ်ဗျ” လို့ အခက်အခဲတွေနဲ့ ဖြေရှင်းပုံတွေကို ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

 

ဒါ့အပြင် ပဋိပက္ခဒေသတွေမှာ စာသင်ကျောင်းတွေ လုံခြုံမှုရှိစေရေးဟာ ပညာရေးလုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတဲ့အချက်ဖြစ်ပြီး စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုကနေ ကာကွယ်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုကလည်း အရေးကြီးတယ်လို့ ပညာရေးဘုတ်အဖွဲ့က ဆိုပါတယ်။

 

ပညာရေးဘုတ်အဖွဲ့ရဲ့ ပြောကြားချက်အရ Project Based Learning ကို အသုံးပြုခြင်းဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ မေးခွန်းမေးမြန်းနိုင်စွမ်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတို့ ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ထားပြီး သင်ယူမှုပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေဖို့လည်း မျှော်မှန်းထားကြောင်း သိရပါတယ်။

 

 

Related News

Depend on news