မြန်မာအလုပ်သမားအခွင့်အရေး လှုပ်ရှားသူ ဦးဝီရာကို မွေးစာရင်းအထောက်အထားကိစ္စနဲ့ ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ Bright Future အဖွဲ့ခေါင်းဆောင် ဦးဝီရာ ဆဲန်ထောင် (Weera Saengthong) ကို မွေးဖွားကြောင်းထောက်ခံစာနဲ့ လူဦးရေစာရင်းဆိုင်ရာ စာရွက်စာတမ်းတွေကို မမှန်မကန်အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကန်ချနဘူရီခရိုင်တရားရုံးက နိုဝင်ဘာ ၉ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ဦးဝီရာဟာ မွေးစာရင်းဆိုင်ရာ အထောက်အထားတွေကို ထိုင်းအာဏာပိုင်တွေက ပယ်ဖျက်ခဲ့ပြီးနောက် တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
အဲဒီအမှုမှာ ထိုင်းနိုင်ငံသားမဟုတ်သူတစ်ဦးက မမှန်ကန်တဲ့ အထောက်အထားတွေ ပြုလုပ်ခြင်း၊ အသုံးပြုခြင်း ဒါမှမဟုတ် လူဦးရေစာရင်းနဲ့ အိမ်ထောင်စုစာရင်းဆိုင်ရာ စာရွက်စာတမ်းတွေမှာ မိမိအမည် ဒါမှမဟုတ် အချက်အလက်တွေကို မမှန်မကန် ထည့်သွင်းစေခြင်းတို့နဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေကို စွပ်စွဲထားတာဖြစ်ပါတယ်။
News1Live သတင်းဌာနရဲ့ နိုဝင်ဘာ ၉ ရက် ညနေ ၅ နာရီခွဲဝန်းကျင် ဖော်ပြချက်အရ ကန်ချနဘူရီခရိုင်တရားရုံးဟာ ကန်ချနဘူရီမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် သီရဆတ် ကဲဝ်မနီ (ธีรศักดิ์ แก้วมณี) ရဲ့ တင်ပြချက်အပေါ် ဦးဝီရာ ဆဲန်ထောင်ကို ဖမ်းဝရမ်းထုတ်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုဟာ ထောင်ဒဏ် ၃ နှစ်ထက်ပိုပြီး ချမှတ်နိုင်တဲ့ ပြစ်မှုအမျိုးအစားဖြစ်ကြောင်းနဲ့ ဖမ်းဝရမ်းရဲ့ သက်တမ်းဟာ ၁၀ နှစ်ဖြစ်ကြောင်းလည်း News1Live က ဖော်ပြထားပါတယ်။
ကန်ချနဘူရီခရိုင်အာဏာပိုင်တွေရဲ့ နိုဝင်ဘာ ၆ ရက် ရှင်းလင်းချက်အရ ဦးဝီရာဟာ ယခင်အမည် ဆူရတ် ကီရီ (Surach Giri) ဖြစ်ပြီး မြန်မာနိုင်ငံသားအဖြစ် မှတ်တမ်းတင်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေရဲ့ မှတ်တမ်းအရ ဦးဝီရာဟာ ၁၉၉၈ ခုနှစ်မှာ ကန်ချနဘူရီပြည်၊ ဆန်ခလဘူရီခရိုင် နယ်စပ်ဝင်ပေါက်ကနေ ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ ကန်ချနဘူရီမြို့နယ် မှတ်ပုံတင်ရုံးက နိုင်ငံသားအဖြစ် အဆင့်အတန်းမသတ်မှတ်ရသေးသူအဖြစ် ကိုယ်ရေးမှတ်တမ်း စတင်ပြုစုခဲ့ပြီး ၂၀၀၉ ခုနှစ် မတ် ၂၆ ရက်မှာ အဲဒီအမျိုးအစားအတွက် ပထမဆုံး သက်သေခံကတ်ပြား ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဦးဝီရာဟာ ကန်ချနဘူရီပြည်၊ စိုင်ယို့ခ်ခရိုင် မှတ်ပုံတင်ရုံးမှာ မွေးဖွားကြောင်းထောက်ခံစာ (ท.ร.20/1) လျှောက်ထားခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပေးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမဲ့ အဲဒီစာရွက်စာတမ်းကို စစ်ဆေးရာမှာ မွေးဖွားခဲ့တဲ့နေရာနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ အချိန်ကာလဆိုင်ရာ အချက်အလက်တွေမှာ ကွဲလွဲမှုတွေရှိနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
မွေးဖွားရာနေရာကို သက်သေခံပေးခဲ့တဲ့ သက်သေ ၅ ဦးရဲ့ ထွက်ဆိုချက်တွေကိုလည်း ပြန်လည်စစ်ဆေးခဲ့ရာမှာ သက်သေ ၃ ဦးက ဦးဝီရာကို သိကျွမ်းလာတာ ၁၂ နှစ်ခန့်ရှိပြီလို့ ထွက်ဆိုခဲ့ပြီး ကျန် ၂ ဦးကတော့ ၁၀ နှစ်ခန့်ရှိပြီလို့ ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ သက်သေ ၅ ဦးထဲမှာ ဦးဝီရာကို မွေးဖွားပေးခဲ့သူကို သိရှိသူ ဒါမှမဟုတ် ဦးဝီရာမွေးဖွားချိန်ကတည်းက သိရှိခဲ့သူ၊ မွေးဖွားမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ မပါဝင်ဘူးလို့ ကန်ချနဘူရီခရိုင်အာဏာပိုင်တွေက ပြောပါတယ်။
ဒါကြောင့် အဲဒီသက်သေထွက်ဆိုချက်တွေဟာ မွေးဖွားမှုကို ကိုယ်တိုင်သိရှိမြင်တွေ့ခဲ့သူတွေရဲ့ ထွက်ဆိုချက်မဟုတ်နိုင်ဘူးလို့ အာဏာပိုင်တွေက သုံးသပ်ထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ၁၉၉၁ ခုနှစ် လူဦးရေစာရင်းမှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၀/၁ နဲ့ သက်ဆိုင်တဲ့ မွေးဖွားကြောင်းထောက်ခံစာ လျှောက်ထားမှုဆိုင်ရာ စည်းမျဉ်းတွေကိုလည်း ကိုးကားထားပါတယ်။
ကန်ချနဘူရီပြည်နယ်ရဲ့ ရှင်းလင်းချက်အရ စိုင်ယို့ခ်ခရိုင် မှတ်ပုံတင်ရုံးဟာ ဦးဝီရာကို မွေးဖွားကြောင်းထောက်ခံစာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြန်လည်ရှင်းလင်းတင်ပြဖို့ အကြောင်းကြားခဲ့ပြီး အဲဒီအကြောင်းကြားစာမှာ သက်ဆိုင်ရာ အချက်အလက်တွေ၊ ဥပဒေစည်းမျဉ်းတွေနဲ့ အထောက်အထားတွေကို စုစည်းပြီး ရက် ၃၀ အတွင်း စာဖြင့် ပြန်လည်တင်ပြဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သတ်မှတ်ရက်ပြည့်တဲ့အထိ ဦးဝီရာဘက်က လာရောက်ရှင်းလင်းတင်ပြခြင်း မရှိခဲ့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
Matichon သတင်းဌာနရဲ့ နိုဝင်ဘာ ၆ ရက် ဖော်ပြချက်မှာ စိုင်ယို့ခ်ခရိုင် မှတ်ပုံတင်ရုံးက ၂၀၂၆ ခုနှစ် ဇွန် ၂၂ ရက်မှာ လျှောက်ထားချက်အမှတ် ၄၇၆၄/၂၅၆၉ အရ မွေးဖွားကြောင်းထောက်ခံစာ (ท.ร.20/1) ကို ပယ်ဖျက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဲဒီစာရွက်စာတမ်းကို ပယ်ဖျက်ပြီးနောက် မှတ်ပုံတင်ရုံးရဲ့ စနစ်ထဲမှာလည်း ပယ်ဖျက်မှုဆိုင်ရာ မှတ်တမ်းတွေကို သိမ်းဆည်းထားတယ်လို့ ကန်ချနဘူရီခရိုင်အာဏာပိုင်တွေက ပြောပါတယ်။
မွေးဖွားကြောင်းထောက်ခံစာကိစ္စအပြင် ဦးဝီရာရဲ့ နိုင်ငံသားအဆင့်အတန်း မသတ်မှတ်ရသေးသူအဖြစ် မှတ်ပုံတင်ထားတဲ့ ကိုယ်ရေးမှတ်တမ်းကိုလည်း ကန်ချနဘူရီမြို့နယ် မှတ်ပုံတင်ရုံးက ပြန်လည်စစ်ဆေးနေတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။
ကန်ချနဘူရီမြို့နယ် မှတ်ပုံတင်ရုံးဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်စွဲနဲ့ ဦးဝီရာကို ခေါ်ယူပြီး ၂၀၀၈ ခုနှစ်က ကိုယ်ရေးမှတ်တမ်းပြုစုခဲ့မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထွက်ဆိုရှင်းလင်းဖို့ အကြောင်းကြားခဲ့ပေမဲ့ လာရောက်ထွက်ဆိုခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ထို့အပြင် ဦးဝီရာရဲ့ မှတ်ပုံတင်အချက်အလက်တွေကို ကန်ချနဘူရီမြို့နယ်မှတ်ပုံတင်ရုံးကနေ ပထုမ်ဌာနီပြည်၊ နောင်ဆွာခရိုင် မှတ်ပုံတင်ရုံးကို ပြောင်းရွှေ့ထားကြောင်းလည်း အာဏာပိုင်တွေက ဖော်ပြထားပါတယ်။
အာဏာပိုင်တွေရဲ့ မှတ်တမ်းအရ ဦးဝီရာဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ သတ်မှတ်ထိန်းချုပ်နယ်မြေပြင်ပကို ထွက်ခွာခွင့်ရရှိခဲ့ပြီး နောင်ဆွာခရိုင်အတွင်း နေရပ်ပြောင်းရွှေ့မှုဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်မှာလည်း ပထုမ်ဌာနီပြည်၊ နောင်ဆွာခရိုင်၊ ဘွန်းဘာဒေသရှိ အိမ်ထောင်စုစာရင်းတစ်ခုအတွင်း ဦးဝီရာရဲ့ အမည်စာရင်းကို ပြောင်းရွှေ့ထည့်သွင်းပေးဖို့ အိမ်ထောင်စုအိမ်ရှင်တစ်ဦးက လျှောက်ထားခဲ့ကြောင်း ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ကန်ချနဘူရီမြို့နယ် မှတ်ပုံတင်ရုံးက ဦးဝီရာရဲ့ နိုင်ငံသားအဆင့်အတန်း မသတ်မှတ်ရသေးသူအဖြစ် မှတ်ပုံတင်ထားတဲ့ ကိုယ်ရေးမှတ်တမ်းဟာ ဥပဒေနဲ့ညီညွတ်မှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးနေပါတယ်။
မွေးဖွားကြောင်းထောက်ခံစာကို ပယ်ဖျက်ပြီးနောက် စိုင်ယို့ခ်ခရိုင် မှတ်ပုံတင်ရုံးက ဦးဝီရာအပေါ် အစိုးရအရာရှိထံ မမှန်မကန်သတင်းပေးတိုင်ကြားမှုနဲ့ စိုင်ယို့ခ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားကြောင်း ကန်ချနဘူရီခရိုင်အာဏာပိုင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၉ ရက်မှာ ကန်ချနဘူရီခရိုင်တရားရုံးက ထုတ်ပေးခဲ့တဲ့ ဖမ်းဝရမ်းမှာတော့ ထိုင်းနိုင်ငံသားမဟုတ်သူတစ်ဦးက မမှန်ကန်တဲ့ အထောက်အထားတွေကို ပြုလုပ်ခြင်း၊ အသုံးပြုခြင်း၊ ပြသခြင်း ဒါမှမဟုတ် မိမိအမည်နဲ့ အချက်အလက်တွေကို အိမ်ထောင်စုစာရင်း၊ လူဦးရေစာရင်းဆိုင်ရာ စာရွက်စာတမ်းတွေမှာ မမှန်မကန် ထည့်သွင်းစေခြင်းနဲ့ သက်ဆိုင်တဲ့ ပြစ်မှုကို စွပ်စွဲထားပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး ဦးဝီရာရဲ့ မွေးဖွားကြောင်းထောက်ခံစာနဲ့ အခြားမှတ်ပုံတင်စာရွက်စာတမ်းတွေကို အသုံးပြုခဲ့ပုံ၊ ရရှိခဲ့ပုံတို့ကို တရားရေးလုပ်ငန်းစဉ်အတွင်း ဆက်လက်စစ်ဆေးသွားရမှာ ဖြစ်ပါတယ်။
ဦးဝီရာ ဆဲန်ထောင်ဟာ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ပြဿနာတွေကို တောင်းဆိုလှုပ်ရှားနေတဲ့ Bright Future အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။
အဖွဲ့ဟာ မြန်မာအလုပ်သမားတွေရဲ့ အထောက်အထားစာရွက်စာတမ်း၊ အလုပ်လုပ်ခွင့်၊ အလုပ်သမားအခွင့်အရေးနဲ့ CI စင်တာဆိုင်ရာ ပြဿနာတွေကို အာဏာပိုင်တွေဆီ တင်ပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဦးဝီရာဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာလည်း ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့ မြန်မာအလုပ်သမားရေးရာ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရပြီးနောက် အခုလို စွပ်စွဲလာတဲ့ အမှုတွေကို ရင်ဆိုင်နေရတာပါ။
