ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှု မြန်မာနိုင်ငံ အပြစ်ရှိကြောင်း ICJ ဆုံးဖြတ်ခဲ့ရင် ဘာတွေ ဆက်ဖြစ်လာနိုင်လဲ

Author CJ Platform
Categories
Published on Nov 08, 2026

ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ နောက်ဆုံးစီရင်ချက်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာ ဖတ်ကြားတော့မှာ ဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ ဒီအမှုဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ အမှုအနှစ်သာရဆိုင်ရာ ကြားနာမှုတွေ ပြီးဆုံးခဲ့ပြီးနောက် တရားသူကြီးတွေရဲ့ ဆွေးနွေးဆုံးဖြတ်မှုအဆင့်ကို ရောက်ရှိနေပါတယ်။ ICJ က နိုဝင်ဘာ ၃ ရက်မှာ နောက်ဆုံးစီရင်ချက် ဖတ်ကြားမယ့်ရက်ကို တရားဝင်ကြေညာခဲ့တာပါ။

 

ဒီအမှုမှာ ICJ က ဆုံးဖြတ်ရမှာဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိဆိုတဲ့အချက်တစ်ခုတည်း မဟုတ်ပါဘူး။ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (Genocide Convention) အောက်မှာ မြန်မာနိုင်ငံက ဘယ်လိုတာဝန်ရှိသလဲ၊ သဘောတူစာချုပ်ပါ တာဝန်တွေကို ချိုးဖောက်ခဲ့သလား၊ ချိုးဖောက်ခဲ့ရင် ဘယ်လိုကုစားမှုတွေ လိုအပ်သလဲဆိုတာတွေကိုပါ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ICJ က မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ရင် နိုင်ငံတော်အဆင့် တာဝန်ရှိမှုကို နိုင်ငံတကာဥပဒေအရ အတည်ပြုခံရနိုင်သလို ရိုဟင်ဂျာတွေအတွက် နစ်နာမှုကုစားရေး၊ နေရပ်ပြန်ရေးနဲ့ တာဝန်ခံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ်လည်း အရေးပါတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

 

ICJ က ဘယ်အချက်တွေကို ဆုံးဖြတ်မှာလဲ

 

ICJ ဟာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ဖြစ်ပွားတဲ့ ဥပဒေရေးရာအငြင်းပွားမှုတွေကို ဆုံးဖြတ်တဲ့ ကုလသမဂ္ဂရဲ့ အဓိကတရားစီရင်ရေးအဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမှုမှာ ICJ က မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ရာဇဝတ်မှုကျူးလွန်ကြောင်း အပြစ်ရှိ၊ မရှိ ဆုံးဖြတ်မှာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်တာဝန်ရှိမှုကိုသာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

 

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး Genocide Convention ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေဟာ ARSA ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတွေဖြစ်ပြီး လူမျိုးသုဉ်းသတ်ဖြတ်ဖို့ အထူးရည်ရွယ်ချက် မရှိခဲ့ဘူးလို့ ခုခံချေပထားပါတယ်။

 

ဒါကြောင့် တရားရုံးအနေနဲ့ အဓိကအားဖြင့် အောက်ပါအချက်တွေကို စိစစ်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

  • ရိုဟင်ဂျာလူမျိုးတွေဟာ Genocide Convention အရ ကာကွယ်ပေးထားတဲ့ လူမျိုးရေး၊ လူမျိုးစု သို့မဟုတ် ဘာသာရေးအုပ်စုတစ်ခု ဖြစ်သလား။
  • ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု၊ ပြင်းထန်တဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှု၊ အုပ်စုတစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ လူနေမှုအခြေအနေတွေ ဖန်တီးမှု စတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေ ကျူးလွန်ခဲ့သလား။
  • အဲဒီလုပ်ရပ်တွေကို ရိုဟင်ဂျာလူမျိုးအုပ်စုတစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးဖို့ အထူးရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့သလား။
  • အဲဒီလုပ်ရပ်တွေအတွက် မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့် တာဝန်ရှိမှု ရှိသလား။
  • Genocide Convention အောက်က လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရေးနဲ့ အရေးယူရေးတာဝန်တွေကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့သလား။

ဒီအချက်တွေထဲမှာ အုပ်စုတစ်ခုကို ဖျက်ဆီးဖို့ အထူးရည်ရွယ်ချက်ရှိ၊ မရှိဆိုတာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ဥပဒေအရ သတ်မှတ်ရာမှာ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခံရရင် ဘာတွေဖြစ်လာနိုင်လဲ

 

၁။ နိုင်ငံတော်အဆင့် တာဝန်ရှိမှုကို နိုင်ငံတကာဥပဒေအရ အတည်ပြုခံရနိုင်

 

ICJ က ဂမ်ဘီယာတင်ပြထားတဲ့ အထောက်အထားတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ဥပဒေသတ်မှတ်ချက်တွေကို ပြည့်မီတယ်လို့ လက်ခံခဲ့ရင် မြန်မာနိုင်ငံမှာ Genocide Convention ကို ချိုးဖောက်ခဲ့တဲ့ နိုင်ငံတော်တာဝန်ရှိကြောင်း ဆုံးဖြတ်နိုင်ပါတယ်။

 

အဲဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရေးနဲ့ အရေးယူရေးဆိုင်ရာ တာဝန်တွေကို ချိုးဖောက်ခဲ့ကြောင်း နိုင်ငံတကာဥပဒေအရ အတည်ပြုခံရတာ ဖြစ်လာနိုင်ပါတယ်။

 

ICJ ရဲ့ စီရင်ချက်ဟာ အမှုသည်နိုင်ငံတွေဖြစ်တဲ့ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံတို့အပေါ် ဥပဒေအရ စည်းနှောင်မှုရှိတာကြောင့် မြန်မာနိုင်ငံအနေနဲ့ စီရင်ချက်မှာ ချမှတ်ထားတဲ့ တာဝန်တွေကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တစ်ဦးချင်းစီကို ရာဇဝတ်မှုကျူးလွန်ကြောင်း အပြစ်ရှိ၊ မရှိ ဆုံးဖြတ်တာတော့ မဟုတ်ပါဘူး။

 

၂။ ရိုဟင်ဂျာတွေအတွက် နစ်နာမှုကုစားရေး တောင်းဆိုချက်တွေ ပေါ်ပေါက်လာနိုင်

 

ဂမ်ဘီယာနိုင်ငံက ICJ မှာ တင်ပြထားတဲ့ ကုစားမှုတောင်းဆိုချက်တွေထဲမှာ ရိုဟင်ဂျာတွေအတွက် အောက်ပါအချက်တွေ ပါဝင်ပါတယ်။

 

  • လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေကို ရပ်တန့်ရေး။
  • အလားတူကျူးလွန်မှုတွေ ထပ်မံမဖြစ်ပွားစေရေး အာမခံချက်ပေးရေး။
  • နေရပ်စွန့်ခွာခဲ့ရသူတွေ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေး။
  • သိမ်းယူခံထားရတဲ့ ပစ္စည်းဥစ္စာတွေ ပြန်လည်ပေးအပ်ရေး။
  • ပျောက်ဆုံးနေသူတွေကို ရှာဖွေရေး။
  • မိသားစုဝင်တွေ ပြန်လည်ပေါင်းစည်းနိုင်ရေး။
  • ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေကို ပြန်လည်ကုစားရေး။

 

ICJ က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ရင် အဲဒီလုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ နစ်နာမှုတွေကို ကုစားပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိလာနိုင်ပါတယ်။ ကုစားမှုတွေမှာ နစ်နာမှုကို ရပ်တန့်စေခြင်း၊ ထပ်မံမဖြစ်ပွားစေရေး အာမခံခြင်း၊ ပြန်လည်ကုစားခြင်းနဲ့ နစ်နာကြေးပေးခြင်းတို့ ပါဝင်နိုင်ပါတယ်။

 

ဒါပေမဲ့ ဂမ်ဘီယာတောင်းဆိုထားတဲ့ အချက်အားလုံးကို ICJ က အပြည့်အဝလက်ခံမယ်လို့ ကြိုတင်ပြောလို့မရပါဘူး။ တောင်းဆိုချက်တစ်ခုချင်းစီအတွက် ဥပဒေအရ အခြေခံရှိ၊ မရှိကို တရားရုံးက သီးခြားစိစစ်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ နစ်နာကြေးပမာဏကိုလည်း ချက်ချင်းသတ်မှတ်ပေးမယ်လို့ မဆိုနိုင်ပါဘူး။

 

၃။ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတကာဖိအား ပိုမိုမြင့်တက်လာနိုင်

 

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာလူဦးရေ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

 

ICJ က မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ရင် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ လုံခြုံစိတ်ချစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ပိုမိုအားကောင်းလာနိုင်ပါတယ်။

 

အထူးသဖြင့် နေရပ်ပြန်ရေးအတွက် လိုအပ်တဲ့ လုံခြုံရေးအာမခံချက်၊ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာသွားလာခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို အာမခံပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုတောင်းဆိုလာနိုင်ပါတယ်။

 

ဒါပေမဲ့ ICJ စီရင်ချက်တစ်ခုတည်းနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ချက်ချင်းနေရပ်ပြန်နိုင်မှာ မဟုတ်ပါဘူး။ လက်တွေ့နေရပ်ပြန်ရေးဟာ မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ အခွင့်အရေးအာမခံချက်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် မူတည်နေဦးမှာ ဖြစ်ပါတယ်။

 

၄။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားနဲ့ သံတမန်ရေးဆိုင်ရာ ဖိအားတွေ ပိုမိုကြီးထွားလာနိုင်

 

ICJ ရဲ့ စီရင်ချက်ဟာ နိုင်ငံတကာဥပဒေအရ အရေးပါတဲ့ ဆုံးဖြတ်ချက်ဖြစ်တာကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ သံတမန်ရေးဆိုင်ရာ ဖိအားတွေ ပိုမိုမြင့်တက်လာနိုင်ပါတယ်။

 

နိုင်ငံတစ်နိုင်ငံချင်းစီနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ဖို့နဲ့ ရိုဟင်ဂျာတွေအတွက် ထိရောက်တဲ့ ကုစားမှုတွေဆောင်ရွက်ဖို့ တောင်းဆိုလာနိုင်ပါတယ်။

 

ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း ICJ စီရင်ချက်ကို လိုက်နာဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တွေ၊ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ခံမှုဆိုင်ရာ ဆွေးနွေးမှုတွေ ပိုမိုအားကောင်းလာနိုင်ပါတယ်။

 

ဒါ့အပြင် နိုင်ငံတစ်နိုင်ငံချင်းစီဟာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ရာမှာ ICJ စီရင်ချက်ကို ထည့်သွင်းစဉ်းစားလာနိုင်ပါတယ်။

 

၅။ စီရင်ချက်ကို မလိုက်နာရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ ရောက်လာနိုင်

 

ICJ ရဲ့ နောက်ဆုံးစီရင်ချက်ဟာ အမှုသည်နိုင်ငံတွေအပေါ် ဥပဒေအရ စည်းနှောင်မှုရှိပေမဲ့ တရားရုံးမှာ စီရင်ချက်ကို အတင်းအကျပ် အကောင်အထည်ဖော်နိုင်တဲ့ ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိပါဘူး။

 

ဒါကြောင့် မြန်မာနိုင်ငံက စီရင်ချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် ကုလသမဂ္ဂပဋိညာဉ်စာတမ်း Article 94(2) အရ ဂမ်ဘီယာနိုင်ငံက အဲဒီကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တင်ပြနိုင်ပါတယ်။

 

အဲဒီအခါ လုံခြုံရေးကောင်စီက စီရင်ချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အကြံပြုချက်တွေ ပြုလုပ်နိုင်သလို လိုအပ်တယ်လို့ ယူဆရင် အရေးယူဆောင်ရွက်မှုတွေကိုလည်း စဉ်းစားနိုင်ပါတယ်။

 

ဒါပေမဲ့ လုံခြုံရေးကောင်စီက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံရေးရပ်တည်ချက်၊ မဲခွဲဆုံးဖြတ်မှုနဲ့ ဗီတိုအာဏာအသုံးပြုမှုတို့အပေါ် မူတည်နေပါတယ်။ 

 

၆။ ICC ရဲ့ တာဝန်ခံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် သက်ရောက်မှုရှိနိုင်

 

ICJ နဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဟာ လုပ်ပိုင်ခွင့်မတူတဲ့ နိုင်ငံတကာတရားရုံးနှစ်ခု ဖြစ်ပါတယ်။ ICJ က နိုင်ငံတော်တစ်ခုရဲ့ နိုင်ငံတကာဥပဒေအရ တာဝန်ရှိမှုကို ဆုံးဖြတ်ပြီး ICC ကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ရာဇဝတ်မှုတာဝန်ရှိမှုကို စစ်ဆေးပါတယ်။

 

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ICC ရှေ့နေချုပ်က မင်းအောင်လှိုင်ကို ရိုဟင်ဂျာတွေ အတင်းအကျပ် နေရပ်စွန့်ခွာစေမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားခဲ့ပါတယ်။

 

ICJ က မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ရင် အဲဒီစီရင်ချက်ထဲက ဥပဒေရေးရာအကြောင်းပြချက်တွေနဲ့ အထောက်အထားဆိုင်ရာ သုံးသပ်ချက်တွေဟာ ICC အပါအဝင် အခြားတာဝန်ခံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် သက်ဆိုင်ရာအချက်အလက်တွေ ဖြစ်လာနိုင်ပါတယ်။

 

လူမျိုးသုဉ်းသတ်ဖြတ်မှုကို တရားရုံးက လက်မခံခဲ့ရင်

 

ICJ က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သတ်မှတ်ဖို့ လိုအပ်တဲ့ အထူးရည်ရွယ်ချက်ရှိကြောင်း သက်သေပြနိုင်မှု မလုံလောက်ဘူးလို့ ဆုံးဖြတ်နိုင်တဲ့ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

 

အဲဒီလိုဆုံးဖြတ်ခဲ့ရင် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဂမ်ဘီယာရဲ့ အဓိကတောင်းဆိုချက်ကို လက်မခံတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီရလဒ်တစ်ခုတည်းနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိခဲ့ဘူးလို့ အဓိပ္ပာယ်မရပါဘူး။

 

တရားရုံးအနေနဲ့ အမှုရဲ့ တောင်းဆိုချက်အားလုံးကို တစ်ပြိုင်နက်တည်း လက်ခံတာ ဒါမှမဟုတ် ပယ်ချတာမျိုးမဟုတ်ဘဲ ဥပဒေရေးရာကိစ္စတစ်ခုချင်းစီအလိုက် သီးခြားဆုံးဖြတ်နိုင်ပါတယ်။ ဒါကြောင့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတဲ့ ဥပဒေသတ်မှတ်ချက်ကို လက်မခံခဲ့ရင်တောင် Genocide Convention အောက်က တားဆီးရေးနဲ့ အရေးယူရေးတာဝန်တွေကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

 

၂၀၂၀ ပြည့်နှစ် ယာယီကာကွယ်ရေးအမိန့်ကလည်း အရေးကြီးနေဆဲ

 

ဒီအမှုမှာ စောင့်ကြည့်ရမယ့် နောက်ထပ်အချက်တစ်ခုက ICJ က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၃ ရက်မှာ ချမှတ်ခဲ့တဲ့ ယာယီကာကွယ်ရေးအစီအမံတွေ ဖြစ်ပါတယ်။

 

အဲဒီအမိန့်အရ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် Genocide Convention မှာ သတ်မှတ်ထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေ မကျူးလွန်စေရေး တားဆီးဖို့၊ မြန်မာနိုင်ငံရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတွေက အဲဒီလုပ်ရပ်တွေ မကျူးလွန်စေရေး သေချာစေဖို့နဲ့ အမှုနဲ့သက်ဆိုင်တဲ့ သက်သေအထောက်အထားတွေကို ထိန်းသိမ်းထားဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံဟာ အဲဒီအမိန့်တွေကို လိုက်နာဆောင်ရွက်ထားကြောင်း အစီရင်ခံစာ ၁၂ စောင် တင်သွင်းထားတယ်လို့ Human Rights Watch ရဲ့ နိုဝင်ဘာ ၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကတော့ သမ္မတညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့တာ၊ သက်သေအထောက်အထားတွေ ထိန်းသိမ်းတာ၊ အမုန်းစကားတွေကို တားဆီးဖို့ ဆောင်ရွက်တာနဲ့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းဖို့ အဖွဲ့ဖွဲ့စည်းတာ စတဲ့ လုပ်ဆောင်ချက်တွေကို အစီရင်ခံစာတွေမှာ ထည့်သွင်းတင်ပြခဲ့ပါတယ်။

 

ဂမ်ဘီယာဘက်ကတော့ မြန်မာနိုင်ငံရဲ့ အစီရင်ခံစာတွေဟာ တရားရုံးအမိန့်တွေကို လိုက်နာခဲ့ကြောင်း ကောက်ချက်ချဖို့ မလုံလောက်ဘူးလို့ ကန့်ကွက်ထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ယာယီကာကွယ်ရေးအမိန့်တွေကို လက်တွေ့လိုက်နာခဲ့သလားဆိုတဲ့ အချက်ဟာလည်း တရားရုံးရဲ့ သုံးသပ်ချက်မှာ အရေးပါလာနိုင်ပါတယ်။

 

ရိုဟင်ဂျာတွေအတွက် စီရင်ချက်ဟာ တရားမျှတမှုရဲ့ အဆုံးသတ်မဟုတ်သေး

 

ICJ ရဲ့ နောက်ဆုံးစီရင်ချက်ဟာ ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ တာဝန်ခံမှုအတွက် အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ စီရင်ချက်ထွက်လာတာနဲ့ နေရပ်စွန့်ခွာခဲ့ရသူတွေ ချက်ချင်းပြန်နိုင်တာ၊ ပျက်စီးဆုံးရှုံးခဲ့တဲ့ နေအိမ်နဲ့ ပစ္စည်းဥစ္စာတွေ ချက်ချင်းပြန်ရတာ၊ ကျူးလွန်သူတစ်ဦးချင်းစီအားလုံးကို ချက်ချင်းအရေးယူနိုင်တာမျိုးတော့ မဟုတ်ပါဘူး။

 

စီရင်ချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံရဲ့ လိုက်နာဆောင်ရွက်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သီးခြားတာဝန်ခံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် နိုဝင်ဘာ ၁၉ ရက်မှာ ထွက်ပေါ်လာမယ့်  ICJ စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေးရဲ့ အဆုံးသတ်မဟုတ်ဘဲ နိုင်ငံတော်တာဝန်ခံမှုနဲ့ နစ်နာမှုကုစားရေးကို လက်တွေ့အကောင်အထည်ဖော်ရမယ့် နောက်ထပ်အဆင့်တစ်ခုရဲ့ အစ ဖြစ်လာနိုင်ပါတယ်။