အမှုမှား ၃ ကြိမ်နဲ့အထက် စီရင်တဲ့ တရားသူကြီးတွေကို အလုပ်ထုတ်မယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးပြော

Author CJ Platform
Categories
Published on Nov 07, 2026

အမှုမှား ၃ ကြိမ်နဲ့အထက် စီရင်တဲ့ တရားသူကြီးတွေကို အလုပ်ကနေ ထုတ်ပယ်မယ်လို့ စစ်အုပ်စုရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက နိုဝင်ဘာ ၆ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

 

အဲဒီနေ့က ပြုလုပ်တဲ့ တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ တာချီလိတ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်ရဲ့ မေးမြန်းမှုကို ဒေါ်သင်းသင်းချိုက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

ဦးကျော်ငြိမ်းအောင်က ၁၉၉၀ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အမှုမှား ၃ ကြိမ်နဲ့အထက် တွေ့ရှိရရင် သက်ဆိုင်ရာတရားသူကြီးတွေကို အလုပ်ကနေ ထုတ်ပယ်တဲ့အထိ အရေးယူမယ်ဆိုတဲ့ သတိပေးညွှန်ကြားချက်ကို လက်ရှိအချိန်အထိ ဆက်လက်ကျင့်သုံးနေခြင်း ရှိ၊ မရှိ မေးမြန်းခဲ့တာပါ။

 

ဒေါ်သင်းသင်းချိုက ၁၉၉၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ သတိပေးညွှန်ကြားချက်ကို လက်ရှိအချိန်အထိ ကျင့်သုံးနေဆဲဖြစ်ပြီး အမှုမှား ၃ ကြိမ်နဲ့အထက် စီရင်တဲ့ တရားသူကြီးတွေကို အလုပ်ကနေ ထုတ်ပယ်သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

“၁၉၉၀ က သတိပေးညွှန်ကြားချက်ကို အခုချိန်ထိ ကျင့်သုံးနေပါတယ်။ စီရင်ပိုင်ခွင့်မရှိဘဲ စီရင်တာ၊ ဥပဒေနဲ့မညီတဲ့ ပြစ်ဒဏ်ချတာ၊ သာမန်စစ်ဆေးနိုင်တဲ့အမှုကို မှားယွင်းပြီး ပြစ်ဒဏ်ချတာတွေကို ၃ ကြိမ်နဲ့အထက် စီရင်တဲ့ ဘယ်တရားသူကြီးမဆို အလုပ်က ထုတ်သွားမှာ” လို့ ပြောပါတယ်။

 

ဒါ့အပြင် ၂၀၂၅ ခုနှစ်အတွင်း ဝန်ထမ်းစည်းကမ်းဖောက်ဖျက်တာ၊ လုပ်ထုံးလုပ်နည်း မလိုက်နာတာ၊ စီမံခန့်ခွဲမှု အားနည်းတာနဲ့ တရားစီရင်ရေးဆိုင်ရာ မှားယွင်းမှုတွေကြောင့် တရားရေးအရာရှိနဲ့ တရားသူကြီး ၃၀ ဦး၊ ရုံးဝန်ထမ်း ၁၃၄ ဦးတို့ကို အရေးယူခဲ့တယ်လို့လည်း ဒေါ်သင်းသင်းချိုက ပြောပါတယ်။

 

အရေးယူမှုတွေထဲမှာ သတိပေးတာ၊ နှစ်တိုးလစာ ရပ်ဆိုင်းတာ၊ ရာထူးတိုးမြှင့်မှု ရပ်ဆိုင်းတာ၊ ရာထူးအဆင့် လျှော့ချတာ၊ ရာထူးကနေ ထုတ်ပယ်တာနဲ့ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – Pro/SAC

 

 

Related News

Depend on news