ရခိုင်မှာ ငွေသားကို ရာခိုင်နှုန်းအပိုပေးဝယ်ယူနေရလို့ ငွေထုတ်ခ နှစ်ဆနီးပါး မြင့်တက်လာပြီး ငွေစက္ကူဟောင်းနွမ်းမှုကြောင့် ဆုံးရှုံးမှုတွေရှိနေ
ရခိုင်မှာ ကုန်သွယ်ရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် KPay နဲ့ Wave Pay စတဲ့ Mobile Banking အေးဂျင့်တွေကို အဓိကအားထားနေရချိန်မှာ ငွေသားရှားပါးမှုနဲ့အတူ ငွေထုတ်ခနဲ့ ငွေသားဝယ်ယူရတဲ့ ဈေးနှုန်းတွေပါ အဆမတန် မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်မဘက်က ငွေစက္ကူအသစ်တွေ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေ ပိတ်ဆို့နေတဲ့အတွက် ဈေးကွက်အတွင်း ငွေသားစီးဆင်းမှု ပြတ်တောက်နေပါတယ်။
ဒါကြောင့် ငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေဟာ ငွေထုတ်ပေးနိုင်ဖို့ လိုအပ်တဲ့ ငွေသားကို ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ငွေသားပိုင်ဆိုင်သူတွေဆီကနေ ငွေကျပ်တစ်သိန်းကို ၄,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်အထိ ရာခိုင်နှုန်းအပိုပေးပြီး ပြန်လည်ဝယ်ယူနေကြရပါတယ်။
အခုလို ငွေသားကို ကိုယ်တိုင်ဝယ်ယူရတဲ့အတွက် ရင်းနှီးငွေမြင့်တက်လာသလို ငွေသားထုတ်ယူသူတွေဆီက ကောက်ခံတဲ့ ငွေထုတ်ခ (ကော်မရှင်ခ) ဟာလည်း ယခင်နှစ်က ငွေကျပ်တစ်သိန်းကို ၃,၀၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်ကြားသာ ရှိခဲ့ရာကနေ လက်ရှိမှာ ၅,၀၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်အထိ မြင့်တက်လာကြောင်း ငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေက ပြောပါတယ်။
“ငွေသားက လုံးဝရှားနေတော့ စီးပွားရေးသမားတွေဆီက ရာခိုင်နှုန်းတွေ အဆမတန်ဈေးပေးပြီးတော့ ဝယ်ရတယ်။ တစ်သိန်းကို ၄,၀၀၀ ကနေ ၅,၀၀၀ အထိ ပေးဝယ်ရတယ်။ ဒါ့ကြောင့် ကျမတို့ ငွေထုတ်ပေးတဲ့အခါလည်း ၅,၀၀၀ ကနေ ၆,၅၀၀ အထိ ပြန်တောင်းရတော့တာ။ မနှစ်ကဆို ဒီလောက်မများပါဘူး။ ၃,၀၀၀ ဝန်းကျင်လောက်ပဲ ရှိတာ” လို့ ဒေသတွင်း ငွေလွှဲ၊ ငွေထုတ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ငွေသားဝယ်ယူရာမှာ လုပ်ငန်းရှင်တွေဆီက လက်ခံရရှိတဲ့ ငွေစက္ကူအများစုဟာ ဈေးကွက်အတွင်း အချိန်ကြာမြင့်စွာ လက်ပြောင်းလှည့်ပတ်သုံးစွဲထားရတာကြောင့် အလွန်အမင်း ဟောင်းနွမ်းစုတ်ပြဲနေပြီး တိပ်နဲ့ ကပ်ထားရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။
ဒီလို ဟောင်းနွမ်းပျက်စီးနေတဲ့ ငွေစက္ကူတွေ ပါလာတဲ့အတွက် နောက်တစ်ဆင့် ပြန်လည်ပေးချေရာမှာ ငြင်းပယ်ခံရတာနဲ့ ငွေကြေးဆုံးရှုံးမှုတွေ ရှိနေကြောင်း အေးဂျင့်တွေက ထပ်လောင်းပြောဆိုပါတယ်။
တစ်ဖက်မှာလည်း ငွေထုတ်ခ အများအပြားပေးဆောင်ပြီး ထုတ်ယူထားရတဲ့ အဲဒီလို ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေကြောင့် ဒေသခံပြည်သူတွေနဲ့ ဈေးဆိုင်ရှင်တွေကြား အဆင်မပြေမှုတွေ ဖြစ်ပေါ်နေပါတယ်။
“အခု ငွေထုတ်တဲ့အခါ ထုတ်ခလည်း ၅,၀၀၀ ကျော်၊ ၆,၀၀၀ ကျော်အထိ ပေးရတယ်။ ရလာတဲ့ ငွေသားတွေကလည်း ဟောင်းနွမ်းပြီးတော့ ပြဲနေကြပြီ။ ဈေးထဲမှာ သွားဝယ်ရင်လည်း ဆိုင်ရှင်က ငွေစက္ကူအဟောင်းတွေကို မလိုချင်ကြတော့ဘူး။ ခဏခဏ ပြန်လဲခိုင်းတာတွေ ရှိတယ်” လို့ မြောက်ဦးမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
ငွေစက္ကူဟောင်းနွမ်းစုတ်ပြဲမှုကြောင့် အခက်အခဲဖြစ်နေကြောင်း မြောက်ဦးမြို့နယ်က ဆိုင်ရှင်တစ်ဦးကလည်း အခုလို ပြောပါတယ်။
“ကျွန်တော်တို့က ငွေစက္ကူအဟောင်းတွေကို လက်ခံထားရင် နောက်တစ်ဆင့် ကုန်ပစ္စည်းဝယ်ယူတဲ့အခါ ကုန်သည်ကြီးတွေက ပြန်မယူမှာစိုးလို့ မယူနိုင်တာပါ။ ဆိုင်မှာ ပစ္စည်းတွေ ရောင်းရပြီးတော့ ငွေစက္ကူအဟောင်းတွေပဲ ကျန်ခဲ့ရင်လည်း ကုန်ပစ္စည်းပြန်ဖြည့်တဲ့အခါ အခက်အခဲဖြစ်မှာ စိုးရတယ်” လို့ ပြောပါတယ်။
အခုလို ငွေသားရှားပါးမှု၊ ငွေထုတ်ခ (ကော်မရှင်ခ) ကြီးမြင့်မှုနဲ့ ငွေစက္ကူဟောင်းနွမ်းပျက်စီးမှု စတဲ့ ပြဿနာတွေဟာ ကုန်စည်စီးဆင်းမှုကို နှောင့်နှေးစေရုံသာမက ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေနေပါတယ်။
ဓာတ်ပုံ – CJ
CJ
