ရန်ကုန်မှာ မီးပျက်တဲ့အပြင် ဂျိုးဖြူရေပါ မရလို့ ပြည်သူတွေ အခက်အခဲတွေ့

Author CJ Platform
Categories
Published on Nov 04, 2026

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီး ပုံမှန်မရတဲ့အပြင် ဂျိုးဖြူရေပါ ပြတ်တောက်နေတာကြောင့် ပြည်သူတွေ ရေဝယ်သုံးနေရပြီး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြို့နယ်အသီးသီးက ဒေသခံတွေဆီက သိရပါတယ်။

 

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်အိမ်ရာမှာ လျှပ်စစ်မီး ပုံမှန်မရတဲ့အပြင် ဂျိုးဖြူရေပါ မရတာကြောင့် ရေကားကနေ ရေတစ်စည်ကို ဘတ် ၄,၀၀၀ နဲ့ ဝယ်ယူသုံးစွဲနေရတယ်လို့ အိမ်ရာနေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ပြောရင် ယုံမှာတောင် မဟုတ်ဘူး။ လျှပ်စစ်မီးက တစ်ခါတလေ နာရီဝက်လောက်ပဲ လာတာ။ အဆိုးဆုံးက ဂျိုးဖြူရေပေးတဲ့အချိန် မီးပျက်တာပဲ။ အဲဒီလိုနေ့တွေဆို ရေကားကနေ ရေတစ်စည်ကို ၄,၀၀၀ နဲ့ ဝယ်သုံးရတယ်။ အထပ်မြင့်ဆို ပိုက်ဆံပိုပေးရတယ်” လို့ သူက ပြောပါတယ်။

 

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်မှာလည်း ဂျိုးဖြူရေ မရတာ ၂ ရက်ခန့်ရှိပြီဖြစ်တာကြောင့် ထမင်း၊ ဟင်းချက်ဖို့အတွက် ရေသန့်ဗူးဝယ်သုံးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

“အဝီစိတွင်းရေရော ဂျိုးဖြူရေရော ရှိတဲ့အိမ်က ပြဿနာမရှိပေမဲ့ ဂျိုးဖြူရေသီးသန့် ယူထားတဲ့အိမ်တွေဆို ဒုက္ခရောက်တယ်။ အခုဆို ရေမရတာ ၂ ရက်ရှိပြီ။ ထမင်း၊ ဟင်းချက်ဖို့ ရေသန့်ဗူးကြီးတစ်ဗူးကို ၂,၅၀၀ နဲ့ ဝယ်သုံးနေရတယ်” လို့ ပြောပါတယ်။

 

တောင်ဒဂုံမြို့နယ်မှာတော့ ဂျိုးဖြူရေပုံမှန်ရပေမဲ့ ရေပေးဝေတဲ့အချိန်မှာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ရေမရတဲ့ရက်တွေရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လောင်စာဆီဈေးကြီးမြင့်တာကြောင့် မီးစက်အသုံးပြုပြီး ရေတင်ဖို့လည်း အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

 

ရန်ကုန်တိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်ကို ဂျိုးဖြူ၊ ငမိုးရိပ်၊ ဖူးကြီးနဲ့ လှော်ကားရေလှောင်ကန်တွေကနေ ရေပေးဝေနေတာဖြစ်ပြီး လျှပ်စစ်မီး ပုံမှန်မရရှိတာကြောင့် ရေပေးဝေရေးမှာပါ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – MFSD

 

 

Related News

Depend on news