ဒုတပ်ရင်းမှူး၏ ဇနီးဖြစ်သူကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့သော်လည်း ခေါ်ဆောင်သွားသူများ၏ အမည်လေးပင် စစ်ကောင်စီတပ် သိခွင့်မရခဲ့

Author ကိုပေါက်
Categories
Published on Nov 10, 2022

ပခုက္ကူမြို့နယ် ၁ ရပ်ကွက် ဝီပသာနာလမ်းတွင် ဖမ်းဆီးခံရသည့် ဒုတပ်ရင်းမှူး ဗိုလ်မှူးသူရိန်ထွန်း၏ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်က မြိုင်မြို့နယ်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော်လည်း ခေါ်ဆောင်သွားသည့် အဖွဲ့ကို ဖမ်းဆီးရမိခြင်းမရှိခဲ့ဘဲ ခေါ်ဆောင်သွားသူများ၏ အမည်လေးပင် သိခွင့်မရခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူတွေဆီက သိရသည်။

ဗိုလ်မှူးသူရိန်ထွန်း၏ ဇနီးဖြစ်သူ ဒေါ်ဟန်နွေဦးကို မြိုင်မြို့နယ် ကျောက်ဆောက်တမံအနီးတွင် ပြန်လည်တွေ့ရှိခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပြန်လည်တွေ့ရှိခဲ့တာဖြစ်သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက CJ Platform ကို အတည်ပြုပြောသည်။

“မြိုင်ဘက်မှာ ပြန်တွေ့တာ သုံးနာရီလောက်က ကြေးနန်းတောင် အခုမှဝင်တာ ဒေသအခေါ်ဆို ကျောက်ဆောင်

တမံပေါ့ တောင်ရွာဆည်က ရှင်းလင်းဆောင်မှာ ပြန်တွေ့တာ နှစ်ဖက်ပစ်ခတ်မှု့တော့ရှိတယ် ထိခိုက်မှု့မရှိဘူး ပစ်ခတ်မှုဆိုတာကလည်း သူတို့ ကြေးနန်းအပို့မှာပဲ ရှိတာ ပစ်ခတ်ခဲ့တဲ့အကြောင်း အပြည့်အစုံမပါဘူး ကျည်တွေရောင်းဖို့ ဂွင်ဖန်တာလဲ ဖြစ်နိုင်တယ်၊ ဖမ်းသွားတဲ့သူတွေလည်း မမိဘူး”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် မြိုင်မြို့နယ် တောင်ရွာဆည်ပတ်ဝန်းကျင်နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးချထားသည်ဟု ဒေသခံတွေဆီက သိရသည်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ဖော်ဖူးအခြေစိုက် အမှတ် ၄၈ ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသူရိန်ထွန်း၏ ဇနီး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ တိုင်းမှူးဗိုလ်ချုပ်ထိန်ဝင်းက ဖိအားပေး ဆောင်ရွက်ခိုင်းခဲ့တာ ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတွေဆီက သိရသည်။

ပခုက္ကူမြို့နယ် ၁ ရပ်ကွက် ဝိပသာနာလမ်းတွင် ယနေ့ နံနက်ပိုင်းက အောင်ဆင်မင်း လက်ဖက်အကြော်မျိုးစုံနဲ့ စားသောာက်ကုန်လုပ်ငန်း လုပ်ကိုင်သူ မိခင်ဖြစ်သူထံ လာလည်ရာမှ ဗိုလ်မှူးသူရိန်ထွန်း၏ ဇနီးဖြစ်သူ ဖမ်းဆီးခံခဲ့ရတာဖြစ်သည်။

ဓာတ်ပုံ- လူမှုကွန်ရက်

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပခုက္ကူမြို့နယ် #ဗိုလ်မှူးသူရိန်ထွန်း #ဒေါ်ဟန်နွေဦး