ရွှေအိပ်မက်နောက်ကွယ်က အဆိပ်သင့် ဘီးလင်းမြစ်ဝှမ်း
တချိန်က စိမ်းလန်းစိုပြည်ခဲ့တဲ့ တောတောင်တွေနဲ့ ကြည်လင်ခဲ့တဲ့ ဘီးလင်းမြစ်ရေပြင်ဟာ အခုအခါမှာတော့ အတ္တနဲ့ လောဘတို့ရဲ့ ဝါးမြိုခြင်းကို ခံနေရပြီဖြစ်ပါတယ်။ “ရွှေ” ဟူသော အဖိုးတန်သတ္တုကို ရှာဖွေရာကနေ ရရှိလာတဲ့ ငွေကြေးတွေထက် ပိုမိုကြီးမားတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဒဏ်ကို ဒေသခံပြည်သူတွေ အလူးအလဲ ခံစားနေကြရပါတယ်။
မြေပုံပေါ်ကနေ စိမ်းလန်းမှုတွေ ပျောက်ကွယ်လာပြီဖြစ်တဲ့ မွန်နဲ့ ကရင်အစပ်က ဝင်းမောင်းကျေးရွာ အရှေ့ဘက်ခြမ်းဆိုရင် ရွှေတူးဖော်တာတွေကြောင့် စစ်တလင်းတစ်ခုလို ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒါဟာဝင်းမောင်းရွာတစ်ခုတည်းတင် မဟုတ်ပါဘူး။ မဲဝိုင်ရွှေကြောရှိတဲ့ ဘီးလင်းမြစ်တလျှောက်လုံးမှာ အကြီးအကျယ် တူးနေကြတာကြောင့် မြစ်ဝှမ်းတစ်ခုလုံးမှာ တွင်းတွေ၊ ချိုင့်တွေနဲ့ မြေစာပုံတွေပဲ ကျန်ပါတော့တယ်။
“အရင်ကတော့ တောတောင်တွေမှာပဲ တူးကြတာ၊ အခုတော့ စိုက်ပျိုးမြေတွေ၊ လယ်ယာတွေပါ မကျန်တော့ဘူး။ ရေတွေကလည်း နှောက်ကျိပြီး သုံးလို့မရတော့ဘူး။ ရေရှည်မှာ ငါတို့ ဘာသောက်မလဲ၊ ဘာစားမလဲဆိုတာ တွေးကြည့်ရင် ရင်လေးစရာပဲ” လို့ ဒေသခံတစ်ဦးက သူတို့ကြုံတွေ့နေရတဲ့
အခြေအနေကို ရင်ဖွင့်ပါတယ်။
ဒေသခံတွေရဲ့ စိုးရိမ်မှုဟာ အထောက်အထားမဲ့ စွပ်စွဲချက်တော့မဟုတ်ပါဘူး။ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေအရ ဝင်းမောင်းရွာအနီးတဝိုက်မှာ ရေမြေတောတောင်တွေရဲ့ တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲတွေကို ထင်ထင်ရှားရှားတွေ့ရပါတယ်။
၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စိမ်းစိုတဲ့ သစ်တောတွေ၊ စိုက်ပျိုးမြေတွေနဲ့ ပြည့်နှက်နေခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် ပုံရိပ်တွေမှာတော့ မြေပြင်တစ်ခုလုံးဟာ အမာရွတ်တွေသဖွယ် တွင်းကြီးတွင်းငယ်တွေ၊ မြေစာပုံတွေနဲ့ ဗွက်အိုင်တွေ ပြည့်နှက်နေပြီး လူသူမနီးတဲ့ ကန္တာရပြင်တစ်ခုလို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။
ဂြိုလ်တု မှတ်တမ်းဓာတ်ပုံတွေအရ ဘီးလင်းမြစ်ဝှမ်းတလျှောက်မှာ တစ်နှစ်ထက် တစ်နှစ်ရွှေတူးဖေော်မှုတွေ များလာတာနဲ့အတူ သစ်တောပြုန်းတီးမှုတွေ တိုးပွားလာတာကို ထင်ထင်ရှားရှားတွေ့လာရပါတယ်။ ယခင်က ဘီးလင်းမြစ်အထက်ပိုင်း မဲဝိုင်ဒေသ မှာ သစ်တောပြုန်းတီးမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပွားပြီး ယခုအခါမှာတော့ ဘီးလင်းမြစ်အလယ်ပိုင်းတဝိုက်မှာမှာ သစ်တောပြုန်းတီးမှုတွေများပြားလာတာကိုတွေ့ရပါတယ်။
ဘီးလင်းမြစ်ဟာ ဒေသခံတိုင်းရင်းသား လူထုရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သောက်သုံးရေနဲ့ တံငါလုပ်ငန်းအတွက် မရှိမဖြစ် အရေးပါသော ပင်မ ရေအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဘီးလင်းမြစ်ဟာ ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်အတွင်း မြစ်ဖျားခံပြီး မွန်ပြည်နဲ့ ပဲခူးတိုင်းတို့ကို ဖြတ်သန်းကာ မုတ္တမပင်လယ်ကွေ့အတွင်းကို စီးဝင်ပါတယ်။
ဘီးလင်းမြစ်တလျှောက် ရွှေတူးဖော်မှုလုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကစတင်ပြီး အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ထုတ်ပြန်ချက်များအရ ၂၀၀၉-၂၀၁၀ ခုနှစ်တွေက စတင်ပြီး အဲ့ဒီဒေသမှာ တပိုင်တနိုင် ရွှေတူးဖော်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းကို တရုတ်လုပ်ငန်းရှင်တွေ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်းက တပိုင်တနိုင်လုပ်ငန်းတွေကနေ စက်မှုအဆင့်မြင့် အကြီးစားတူးဖော်မှုတွေအဖြစ်ကို ကူးပြောင်းစေခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဘီးလင်းမြို့နယ်အတွင်းမှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်း က ရွှေတူးဖော်မှုလုပ်ငန်းတွေကို အထိန်းအကွပ်မဲ့စွာ တိုးချဲ့လာစေခဲ့ပါတယ်။။ လက်ရှိမှာတော့ လုပ်ကွက်ပေါင်း ရာနဲ့ချီရှိလာပြီး စက်ယန္တရားကြီးတွေကို အလွန်အကျွံ သုံးစွဲလာကြပါတယ်။
ဘီးလင်းမြစ်ရေဟာ အာဏာသိမ်းခင်ကတည်းက ညစ်ညမ်းမှုတွေ ရှိနေပါပြီ။ အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေမှာ အာဆင်းနစ်အဆိပ်ပါဝင်မှု သတ်မှတ်ပမာဏထက် ၅ ဆ ကျော်လွန်နေတာနဲ့ PH Level မြင့်ပြီး အချဉ်ဓာတ်များနေတာကြောင့် သောက်သုံးမိရင် ဝမ်းရောဂါများဖြစ်ပွားနိုင်တာ၊ အနည်အနှစ်ပါဝင်မှု သတ်မှတ်ချက်ထက် လွန်စွာကျော်လွန်နေတာကြောင့် သောက်သုံးရေအတွက် အသုံးပြုဖို့ အန္တရာယ်ရှိတဲ့ အခြေအနေတွကို မွန်ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန မွန်ပြည်နယ်အစိုးရထံ တင်ပြခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ်က မွန်ပြည်နယ်လွတ်တော်က ဦးဆောင်ကျင်းပခဲ့တဲ့ စာတမ်းဖတ်ပွဲမှာ ကျောက်ဆည်တက္ကသိုလ်၊ ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာအေးအေးချို ဘီးလင်းမြစ်ရဲ့ အဆိပ်သင့်မှုအခြေအနေကို စာတမ်းဖတ်ကြားခဲ့ပါတယ်။ ဒီစာတမ်းမှာ ဘီးလင်းမြစ်လယ်ပိုင်းရှိ ရေထုအတွင်း ဓာတုအဆိပ်အတောက်တွေ ပြည့်နှက်နေတာကြောင့် ငါးနဲ့ ရေနေသတ္တဝါတွေ အသက်ရှင် နေထိုင်နိုင်ခြင်း မရှိတော့တဲ့ အခြေအနေ ရောက်ရှိသွားပြီလို့ ဆိုထားပါတယ်။ ဒေသခံတွေကလည်း အရင်က ရေကူးနေတဲ့ ငါးတွေကို မြင်တွေ့ရပေမယ့် အခုအခါ ငါးတွေကိုမတွေ့ရတော့ဘူးလို့ အတည်ပြုကြပါတယ်။
မြန်မာနိုင်ငံ သတ္ထုတွင်း ဥပဒေနဲ့ မြန်မာ့တာဝန်ယူမှုရှိသော စီးပွားရေး အဖွဲ့အစည်း (MCRB) ရဲ စံနှုန်းတွေအရ ရွှေတူးဖော်ရေး လုပ်ငန်းတွေဟာ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA) ပြုလုပ်ရန် လိုအပ်ပေမဲ့လည်း လက်ရှိ ဘယ်လုပ်ကွက်မှ EIA/SIA ဆောင်ရွက်ခြင်း မရှိဘဲ စည်းကမ်းမဲ့ တူးဖော်နေကြတာဖြစ်ပါတယ်။

မြေစာနဲ့ အနည်အနှစ်တွေကြောင့် ဘီးလင်းမြစ်ဝှမ်း မှာရှိတဲ့ မြစ်နဲ့ ချောင်းတွေ ကောလာတာကြောင့်လည်း နွေရာသီမှာ စိုက်ပျိုးရေမရရှိတော့တာနဲ့ မိုးရာသီမှာလည်း ရေကြီးရေလျှံမှုနွေ နှစ်စဉ်လိုလို ဖြစ်ပွားလာနေပါတယ်။ ယခုအခါမှာတော့ ရွှေတူးဖော်သူတွေဟာ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိန်းထောင်ချီ ဈေးကောင်းပေးဝယ်ယူပြီး တူးဖော်မှုတွေ လုပ်ဆောင်လာကြပါတယ်။ မြေပိုင်ရှင်တွေ အတွက် ခေတ္တခဏ ငွေရွှင်နိုင်ပေမယ့် ရေရှည်မှာတော့ ဒေသတွင်း ထုတ်ကုန်တွေ ကွယ်ပျောက်လာရပြီ ဖြစ်ပါတယ်။
“ကိုယ့်ဒေသမှာ ဘာမှစိုက်လို့မရတော့ဘူး၊ အပြင်ကဟာကိုပဲ ဝယ်စားနေရတယ်။ အရင်းအမြစ်တွေ အားလုံးက ရွှေတွင်းတွေထဲ ပါသွားပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လွန်စွာ ဆိုးရွားလတကြောင့်၂၀၂၅ ခုနှစ်မှာ KNU တပ်မဟာ ၁ နဲ့ တပ်မဟာ ၅ နယ်မြေတွေအတွင်း ရွှေတူးဖော်မှုတွေကို ယာယီ ရပ်နားထားဖို့ KNU က အမိန့်ထုတ်ပြန်ခဲ့ပေမဲ့လည်း လက်ရှိအချိန်အထိ အကြီးအကျယ် တူးဖော်နေကြဆဲဖြစ်ပါတယ်။
ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရုံတင်မကဘဲ အာဏာသိမ်းစစ်တပ်ရ၌် လေကြောင်းရန်ကိုလည်း ထိတ်လန့်နေရပါတယ်။ ရွှေတွင်းနေရာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိတာကြောင့် အနီးနားရှိ ကျေးရွာသားတွေဟာ နေ့စဉ်နဲ့အမျှ စိုးရိမ်သောကတွေနဲ့ ရှင်သန်နေကြရပါတယ်။
ယနေ့ ဘီးလင်းမြစ်ဝှမ်းတလျှောက် မြင်တွေ့နေတဲ့ မြင်ကွင်းဟာ ရွှေရှာဖွေခြင်းထက် အနာဂတ်ကို ဖျက်ဆီးနေတဲ့ မြင်ကွင်းဖြစ်လာနေပါတယ်။ တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် ပျက်စီးသွားတဲ့ ဂေဟစနစ်ကို ပြန်လည်ကုစားဖို့မှာ နှစ်ပေါင်းများစွာ ကြာမြင့်မှာဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုရဲ့ ဆိုးရွားတဲ့ ဒဏ်တွေကို နောင်လာနောက်သားတွေ ခါးစည်းခံကြရဦးမှာ ဖြစ်ပါတယ်။
