ထန်တလန်မှာ အမြင့် ၅ ပေခန့်ရှိ ရှားပါး နေဝက်ဝံတစ်ကောင် အမဲလိုက်ခံရပြီး သေဆုံး
ချင်းပြည်၊ ထန်တလန်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ အမြင့် ၅ ပေခန့်ရှိတဲ့ ရှားပါး နေဝက်ဝံ (Sun Bear) တစ်ကောင်ကို စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ တောထွက်မုဆိုးတွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရတဲ့ ဝက်ဝံဟာ ရင်ဘတ်မှာ ရွှေရောင် ဒါမှမဟုတ် အဖြူရောင် ရင်အုပ်ပုံသဏ္ဍာန် အမှတ်အသားပါတဲ့ မလေးယန်း နေဝက်ဝံ (Malayan Sun Bear) ဖြစ်တယ်လို့ သိရပါတယ်။
နေဝက်ဝံဟာ ဝက်ဝံမျိုးနွယ်စုတွေထဲမှာ အရွယ်အစားအသေးဆုံးမျိုးစိတ်ဖြစ်ပြီး သဘာဝအလျောက် တွေ့ရှိရမှုနည်းတဲ့ ရှားပါးတောရိုင်းတိရစ္ဆာန်တစ်မျိုး ဖြစ်ပါတယ်။
ချင်းတောင်တန်းဒေသမှာ ရှေးယခင်ကတည်းက တောလိုက်ပြီး ရရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို အစားအစာအဖြစ် အသုံးပြုတဲ့ ဓလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒေသမှာက ရှေးကတည်းက တောလိုက်ပြီး ရလာတဲ့ တောကောင်တွေကို ရိုးရာအတိုင်း စားသောက်ကြတဲ့ ဓလေ့ရှိတယ်။ ပုံမှန်ဆိုရင် တောဝက်၊ ဂျီ၊ တောခွေးနဲ့ အခြားတောကောင်တွေပဲ ရဖူးတာပါ။ ဒီလို ဝက်ဝံအမျိုးအစားက အရင်က မရဖူးပါဘူး။ အခုရတဲ့အကောင်ကလည်း တော်တော်လေးကို ကြီးတယ်။ အခုလိုကာလမှာ မတည်ငြိမ်မှုတွေရော၊ စီးပွားရေးအခက်အခဲတွေရော ပိုများလာတော့ ဝမ်းစာအတွက် တောတောင်ကို မှီခိုပြီး အမဲလိုက်ရှာဖွေစားသောက်ရတာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းအခက်အခဲကို နားလည်ပေးဖို့လိုပေမယ့် နေဝက်ဝံလို ရှားပါးတောရိုင်းတိရစ္ဆာန်တွေ ပစ်သတ်ခံနေရတာကိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေပါတယ်။
“ဒီလိုခက်ခဲတဲ့ကာလမှာ ဒေသခံတွေ ဝမ်းစာအတွက် တောထွက်မုဆိုးလုပ်ပြီး ရှာဖွေစားသောက်ရတာကိုတော့ စာနာပါတယ်။ ဒါပေမဲ့ ခုလို နေဝက် (Sun Bear) လို တောရိုင်းထဲမှာ အရမ်းရှားပါးနေပြီဖြစ်တဲ့ ဝက်ဝံမျိုးစိတ်တွေကို တတ်နိုင်သမျှ မပစ်သတ်ဘဲ ချင်းတောင်တန်းရဲ့ သဘာဝနဲ့ တောရိုင်းတိရစ္ဆာန်မျိုးဆက် မပျက်စီးအောင် ဝန်းရံထိန်းသိမ်းပေးစေချင်ပါတယ်” လို့ သဘာဝပတ်ဝန်းကျင် စာနာသူတစ်ဦးက ပြောပါတယ်။
နေဝက်ဝံတွေဟာ သစ်သီးဝလံ၊ ပိုးမွှားတွေနဲ့ ပျားရည်တွေကို ရှာဖွေစားသောက်ကြပြီး ရှည်လျားတဲ့လျှာကြောင့် “Honey Bear” လို့လည်း ခေါ်ဆိုကြပါတယ်။
သဘာဝနေထိုင်ရာ သစ်တောတွေ ပျက်စီးလာတာ၊ တရားမဝင်အမဲလိုက်ခံရတာနဲ့ တိုင်းရင်းဆေးဝါး၊ အစားအသောက်အတွက် ရောင်းဝယ်ဖောက်ကားခံရတာတွေကြောင့် နေဝက်ဝံတွေဟာ မျိုးသုဉ်းမယ့်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝနေထိုင်ရာတွေကို ထိန်းသိမ်းပေးပြီး ရှားပါးတောရိုင်းတိရစ္ဆာန်တွေကို တတ်နိုင်သမျှ မဖမ်းဆီး၊ မပစ်သတ်ဘဲ ကာကွယ်ပေးကြဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စာနာသူတွေက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – CJ
CJ
