မံဆောင်းတံတားလမ်း ပိတ်ထားလို့ ကုန်ကားသမားတွေ အခက်ကြုံ၊ တီးတိန်မှာ စားသောက်ကုန်နဲ့ ဆေးဝါးဈေးတက်
ချင်းပြည်၊ တီးတိန်မြို့နယ်နဲ့ ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားတဲ့ မံဆောင်းတံတားလမ်းကို စစ်အုပ်စုက ဆက်လက်ပိတ်ထားတာကြောင့် ကုန်တင်ကားတွေ လမ်းလွှဲပတ်မောင်းနေရပြီး သယ်ယူပို့ဆောင်ရေးအခက်အခဲနဲ့အတူ တီးတိန်ဒေသမှာ စားသောက်ကုန်၊ စက်သုံးဆီနဲ့ ဆေးဝါးဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ ဒေသခံတွေနဲ့ ကုန်ကားသမားတွေဆီက သိရပါတယ်။
မံဆောင်းတံတားမှာ သုံးပတ်နီးပါး တပ်စွဲထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၄၀ ခန့်ဟာ စက်တင်ဘာ ၃၀ ရက်မှာ တီးတိန်မြို့ဘက်ကို ပြန်ဆုတ်ခွာသွားပေမယ့် တီးတိန်-မံဆောင်း လမ်းပိုင်းကိုတော့ ဆက်လက်ပိတ်ထားဆဲဖြစ်လို့ ပုံမှန်လမ်းကြောင်းအတိုင်း သွားလာလို့မရသေးဘူးလို့ သိရပါတယ်။
အဆိုပါလမ်းဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ တီးတိန်-ရိဒ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ပါတယ်။ လမ်းပိတ်ထားတာကြောင့် ကုန်တင်ကားတွေဟာ ဆိုင်းဇန်ကျေးရွာဘက်က လမ်းလွှဲကို အသုံးပြုပြီး ပတ်မောင်းနေရတာလို့ သိရပါတယ်။
“ပုံမှန်သွားနေကျ မံဆောင်းတံတားလမ်းပိုင်းကို စစ်အုပ်စုက ပိတ်လိုက်တော့ ဆိုင်းဇန်–ကပ်တဲလ်–လင်းထန်လမ်းဘက်ကို လမ်းလွှဲပြီး မောင်းနေရတယ်။ အဲဒီဆိုင်းဇန်ရွာဘက်က လမ်းလွှဲလမ်းက အရမ်းဆိုးတော့ ခရီးလည်း ကြန့်ကြာတယ်၊ ကားတွေလည်း အရမ်းထိခိုက်တယ်” လို့ တီးတိန်-ရိဒ်လမ်းကြောင်းမှာ မောင်းနှင်နေတဲ့ ကုန်ကားသမားတစ်ဦးက CJ Platform ကို ပြောပါတယ်။
လမ်းလွှဲပေါ်က ကပ်တဲလ်တံတားဟာ ၆ ဘီးယာဉ်တွေသာ ဖြတ်သန်းနိုင်တာကြောင့် ကလေးမြို့ဘက်က လာတဲ့ ၁၀ ဘီးနဲ့ ၁၂ ဘီး ကုန်တင်ကားကြီးတွေဟာ ဆိုင်းဇန်ကျေးရွာ ဘောလုံးကွင်းမှာ ကုန်ချပြီး ၆ ဘီးကားတွေပေါ် ပြန်တင်ကာ ဆက်လက်သယ်ယူနေရပါတယ်။
အဲဒီလို ကုန်ချကုန်တင်လုပ်ရတာကြောင့် မိုးရွာတဲ့အချိန် မြေကျွံတာ၊ ဗွက်ထတာတွေနဲ့ ကုန်ပစ္စည်းတွေ မိုးမိပျက်စီးနိုင်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ကုန်ကားသမားက ပြောပါတယ်။
ဒါ့အပြင် မံဆောင်းတံတားမှာ စစ်အုပ်စုတပ်စွဲထားစဉ်အတွင်း ၁၂ ဘီးကုန်တင်ယာဉ် ၁၀ စီး၊ Forland ကား ၇ စီးနဲ့ အခြားယာဉ် ၉ စီးကို တရားမဝင်ကုန်တင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီး တချို့ယာဉ်တွေကို သိမ်းဆည်းကာ တီးတိန်မြို့ဘက် ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လမ်းပိတ်ထားမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာပြီး တီးတိန်ဒေသမှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့ အခြေခံဆေးဝါးဈေးနှုန်းတွေပါ မြင့်တက်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တံတားလမ်းကို ပိတ်လိုက်တော့ ကုန်စည်စီးဆင်းမှု လုံးဝကြန့်ကြာသွားတယ်။ ဆိုင်တွေမှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့ အခြေခံဆေးဝါးတွေကစပြီး ဈေးမြင့်လာတယ်။ ရောက်လာတဲ့ပစ္စည်းတွေကလည်း သယ်ယူစရိတ်ကြီးလို့ ကုန်ဈေးနှုန်းတွေ တော်တော်မြင့်သွားတယ်။ အလုပ်အကိုင်မရှိဘဲ ဝင်ငွေနည်းနေတဲ့ ဒေသခံတွေအတွက် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးဝယ်ဖို့တောင် အခက်အခဲဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ နယ်စပ်ချောင်းဘက်ကနေ ချင်းပြည်နယ်ဘက်ကို ကုန်ကူးနေတဲ့ ကားတွေ အများအပြားပိတ်မိနေတဲ့ အခြေအနေတော့ မရှိသေးပေမယ့် လမ်းခရီးကြန့်ကြာတာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာတွေကြောင့် ဒေသခံတွေရဲ့ လူမှုစီးပွားဘဝအပေါ် ဖိအားပိုများလာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
CJ
