ရန်ကုန်မှာ လုံခြုံရေးအခြေအနေ ဆိုးရွားနေပြီး ပေါ်တာဆွဲမှုနဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွား
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာပြီး မြို့နယ်အသီးသီးမှာ ပေါ်တာဆွဲဖမ်းဆီးခံရမှုနဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ PACE-Myanmar ရဲ့ စစ်တမ်းအရ သိရပါတယ်။
PACE-Myanmar က ၂၀၂၆ ခုနှစ် ဩဂုတ်လနှောင်းပိုင်းမှာ ရန်ကုန်မြို့နယ် ၁၂ ခုက လူငယ် ၂,၄၀၀ ဦးကို စစ်တမ်းကောက်ယူခဲ့ရာမှာ စစ်တမ်း ဖြေဆိုသူ ၈၄ ရာခိုင်နှုန်းက ညဘက်သွားလာတဲ့အခါ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခံရမှာကို စိုးရိမ်နေကြပြီး ၈၂ ရာခိုင်နှုန်းက လုယက်ခံရမှာကို စိုးရိမ်နေကြတယ် လို့ ဖြေဆိုထားပါတယ်။ ဒါ့အပြင် ၄၂ ရာခိုင်နှုန်းက အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရမှုကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
“ရန်ကုန်ရဲ့ နေရာတိုင်းမှာ ဆွဲနေတာ၊ အပြင်သွားရင် သတိထားရတယ်။ အသက်ကြီးတဲ့သူရော၊ ငယ်တဲ့သူရော” လို့ ရန်ကုန်မြို့ခံလူငယ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် ည ၈ နာရီခန့်က လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးမှာ ဆိုက်တွဲစီးလာတဲ့ လူငယ်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးငယ် ၁ ဦးကို စစ်အုပ်စုတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ တတိယပတ်အတွင်းမှာလည်း လှိုင်သာယာမြို့နယ်၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးမှာ ဂိမ်းထိုင်ဆော့နေတဲ့ လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့မှာ နေပြည်တော်ကို ပို့ဆောင်ခံရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အောက်တိုဘာ ၁ ရက် ညပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီးမှာ အမျိုးသမီးတစ်ဦးကို အမျိုးသား ၃ ဦးက တက္ကစီပေါ်ကနေ အတင်းဆွဲချပြီး မျက်နှာကို လက်သီးနဲ့ထိုး၊ လည်ပင်းညှစ်ကာ ဝိုင်းဝန်းလုယက်ခဲ့တယ်လို့ သိရပါတယ်။
“ဖုန်း၊ Laptop၊ ပိုက်ဆံနဲ့ ပစ္စည်းအနည်းငယ် ပါသွားပါတယ်။ လူတောင် အတင်းရုန်းထွက်လာလို့ လွတ်လာတာပါ။ ဒီလောက်အော်တာတောင် လမ်းမှာ ကယ်ရီသမားတွေ ရှိရက်နဲ့ တစ်ယောက်မှ လာမကူညီပါဘူး” လို့ နစ်နာသူရဲ့ သူငယ်ချင်းဖြစ်သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အလားတူ စက်တင်ဘာ ၁၆ ရက် ညကလည်း မြောက်ဒဂုံမြို့နယ်မှာ City Mall ကနေ ပြန်လာတဲ့ အမျိုးသမီးငယ် ၂ ဦးကို Prado ကားနဲ့ ဖြားယောင်းခေါ်ဆောင်ပြီး သေနတ်နဲ့ ဓားပြကာ အဓမ္မပြုကျင့်ခဲ့ပြီး ငွေကျပ် ၁၀ သိန်း တောင်းယူခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
PACE-Myanmar ရဲ့ စစ်တမ်းအရ ရန်ကုန်မြို့က လူငယ် ၁၈ ရာခိုင်နှုန်းဟာ ကိုယ့်အိမ်ထဲမှာ နေထိုင်နေချိန်တောင် လုံခြုံမှုမရှိဘူးလို့ ခံစားနေရပြီး ၁၄ ရာခိုင်နှုန်းခန့်က စိတ်ဓာတ်ကျဆင်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ စဉ်းစားခဲ့ဖူးတယ် လို့ ဖြေဆိုထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ရန်ကုန်မြို့မှ လူပျောက်ကြော်ငြာ အချို့ကို မြင်ရပုံ
