ဇနီးသုံးဦးပိုင်ထားသူဆိုတဲ့ ဘုန်းကြီး ဝေပုလ္လရဲ့ အဖွဲ့က လောင်းကစားဝိုင်းဖွင့်ပြီး လူငယ်တွေကို ပေါ်တာဆွဲ ငွေညှစ်နေဟုဆို
စစ်ကိုင်းမြို့ပေါ်မှာ စစ်အုပ်စုလက်ဝယ်ခံ ပျူစောထီးခေါင်းဆောင် ဘုန်းကြီး ဦးဝေပုလ္လနဲ့ သူ့လက်အောက်ခံ ပျူစောထီးတွေက စစ်အုပ်စုရဲ့ အကာအကွယ်ရယူပြီး ကြေးကြီးလောင်းကစားဝိုင်းတွေ ဖွင့်လှစ်ထားသလို ဒေသခံပြည်သူတွေနဲ့ လူငယ်တွေကို ဖမ်းဆီးပြီး ငွေညှစ်တောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။
စစ်ကိုင်းတောင်ရိုး ထွဋ်ခေါင် (ထန်းသစ်ရွာ) ကျေးရွာက မြေနေရာတစ်ခုမှာ ကိုယ်ပိုင်ကျောင်းဆောက်ပြီး သီတင်းသုံးနေတဲ့ ပျူစောထီးခေါင်းဆောင် ဦးဝေပုလ္လဟာ သူ့ရဲ့ကျောင်းကို ပျူစောထီးအထိုင်စခန်းအဖြစ် အသုံးပြုထားပြီး လုံခြုံရေးအင်အားတွေ ထပ်ဆင့်ချထားတယ်လို့ ဆိုပါတယ်။
အဲဒီကျောင်းဝင်းအနီး ဇနကာရာမ ကိုးကန့်ကျောင်းဘေးလမ်းကြားကနေ ဝင်ရောက်ရတဲ့နေရာမှာလည်း ပျူစောထီး လက်နက်ကိုင်လုံခြုံရေးတွေ ချထားပြီး သိန်းထောင်ချီ လည်ပတ်နေတဲ့ “စစ်ကိုင်းဒိုင်” နဲ့ “မန္တလေးဒိုင်” ကြေးကြီးဂျင်ဝိုင်း နှစ်ဝိုင်းအပြင် ဖဲဝိုင်း၊ ကြက်လောင်းကစားပွဲတွေအပြင် ပြည့်တန်ဆာခန်းတွေပါ ဖွင့်လှစ်ထားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့အခေါ်က စစ်ကိုင်းဒိုင်နဲ့ မန္တလေးဒိုင်။ အပေါ်ဝိုင်းက MDY ဒိုင်၊ အောက်ဝိုင်းက စစ်ကိုင်းဒိုင်။ ရံဖန်ရံခါ ဝေပုလ္လပါ လာထိုးတယ်” လို့ စစ်ကိုင်းမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့ပေါ်မှာ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် တပ်ဖွဲ့ဝင်တွေနဲ့ အဆိုပါ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရပ်ကွက်တွေထဲ ဝင်ရောက်ကာ သေနတ်ပစ်ဖောက်တာ၊ နေအိမ်တွေထဲ ဝင်ရောက်ပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူအချို့ကို CJ Platform က တွေ့ဆုံမေးမြန်းထားချက်တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ ဖမ်းဆီးခံရသူတွေကို ပျူဘုန်းကြီး ဦးဝေပုလ္လရဲ့ ကျောင်းကို ခေါ်ဆောင်သွားပြီး အမျိုးသားလူငယ်တစ်ဦးကို အနည်းဆုံး ငွေကျပ် သိန်း ၅၀ ကနေ ၆၀ အထိ တောင်းခံတယ်လို့ သိရပါတယ်။
ငွေမပေးနိုင်သူတွေကို စစ်အုပ်စုတပ်ထဲ အတင်းအဓမ္မ ထည့်သွင်းတာတွေအပြင် ဖမ်းဆီးခံရတဲ့ အမျိုးသမီးအချို့ထံကလည်း ငွေကျပ် သိန်းဆယ်နဲ့ချီ တောင်းခံတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က လူတွေကို ဖမ်းပြီး ရောင်းစားနေကြတာ။ တရားဝင်လိုင်စင်ရ လူကုန်ကူးခွင့် ရနေသလိုမျိုးပါပဲ” လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ အကာအကွယ်ပေးမှုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ၊ ဖမ်းဆီးနှိပ်စက်တာနဲ့ သေဆုံးတဲ့အထိ ဖြစ်စေတဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့တယ်လို့ လွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ဝေပုလ္လက ဘုန်းကြီးသာဝတ်ထားတယ် မိန်းမသုံးယောက်ရှတယ်”လို့ ဝေပုလ္လရဲ့ ဖမ်းဆီးခြင်းခံရပြီး ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေဟာ စစ်ကိုင်းမြို့ပေါ်မှာ အိမ်စီးကားတွေနဲ့ ကင်းလှည့်တာ၊ ရတနာပုံတံတားပေါ်မှာ ခရီးသွားပြည်သူတွေရဲ့ မှတ်ပုံတင်တွေကို စစ်ဆေးပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို နေ့စဉ် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ပျူစောထီးခေါင်းဆောင် ဦးဝေပုလ္လနဲ့ ပတ်သက်ပြီး တရားမဝင် ဇနီး သုံးဦး ယူထားတာ ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပြင် ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ပြီး ငွေညှစ်တောင်းခံနေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် စစ်ကိုင်းမြို့မ သံဃနာယကအဖွဲ့က သာသနာတော် ညှိုးနွမ်းစေမှုနဲ့ အရေးယူခြင်းမရှိဘဲ နှုတ်ဆိတ်နေမှုအပေါ် ဒေသခံတွေကြား ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
