ကျောက်တော်လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စုအကြမ်းဖက်မှုတွေကို ဦးကျော်မိုးထွန်း ကုလမှာ ထုတ်ဖော်ပြောကြား
စစ်အုပ်စုက ရခိုင်ပြည်၊ ကျောက်တော်မြို့ မြို့မဈေးတန်းကို လေကြောင်းကနေ ပြင်းထန်စွာ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၉ ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အပါအဝင် အရပ်သားတွေအပေါ် စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဦးကျော်မိုးထွန်းဟာ စက်တင်ဘာ ၂၉ ရက်မှာ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ မြို့မဈေးတန်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အနည်းဆုံး အရပ်သား ၄၉ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဦးကျော်မိုးထွန်းက မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အပြစ်မဲ့အရပ်သားတွေရဲ့ အသက်အိုးအိမ်ကို ငဲ့ညှာမှုမရှိတဲ့ စစ်အုပ်စုဟာ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေကို အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုမယ်ဆိုတာ ယုံကြည်လို့မရဘူးလို့လည်း ဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုနဲ့ နျူးကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံတို့အကြား နျူးကလီးယားဓာတ်အားပေးစက်ရုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပျက်စီးခဲ့ရပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြန်လည်အသက်ဝင်လာကာ စစ်တပ်က အရပ်သားအုပ်ချုပ်မှုအောက် ရောက်ရှိတဲ့အချိန်မှသာ နျူးကလီးယားစွမ်းအင်ဆိုင်ရာ နိုင်ငံတကာအကူအညီတွေကို ပြန်လည်လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်နိုင်ဖို့ စစ်အုပ်စုလက်ထဲကို စစ်လက်နက်ခဲယမ်းတွေ၊ လေယာဉ်ဆီနဲ့ စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ ပံ့ပိုးနေမှုကို ဖြတ်တောက်ရပ်စဲပေးဖို့ ဦးကျော်မိုးထွန်းက အလေးအနက် တောင်းဆိုခဲ့ပါတယ်။
ဓာတ်ပုံ – NUG
