လမ်းပိတ်ဆို့မှုနဲ့ ဈေးကွက်မရှိတာကြောင့် ငဖဲက အရှိုချင်းတောင်ယာသမားတွေ ကော်ဖီနဲ့ နာနတ် မစိုက်နိုင်တော့
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ အရှိုချင်း တောင်ယာစိုက်ပျိုးသူတွေဟာ စစ်အုပ်စုရဲ့ လမ်းကြောင်းပိတ်ဆို့မှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေအပြင် ထွက်ရှိလာတဲ့ သီးနှံတွေ ရောင်းချဖို့ ဈေးကွက်မရှိတာကြောင့် ယခင်က စိုက်ပျိုးခဲ့တဲ့ ကော်ဖီနဲ့ နာနတ်ခင်းတွေကို ဆက်လက်မလုပ်ကိုင်တော့ဘူးလို့ ဒေသခံ တောင်ယာစိုက်ပျိုးသူတွေဆီက သိရပါတယ်။
ငဖဲဒေသဟာ တောင်ပေါ်ဒေသဖြစ်တာကြောင့် မိုးရာသီမှာ သွားလာရေးခက်ခဲတဲ့အပြင် စစ်အုပ်စုရဲ့ လမ်းကြောင်းပိတ်ဆို့ စစ်ဆေးမှုတွေကြောင့် သီးနှံတွေကို ဈေးကွက်အထိ သယ်ယူရောင်းချဖို့ ပိုမိုကြန့်ကြာ ခက်ခဲနေတယ်လို့ ဒေသခံ အရှိုချင်း တောင်ယာစိုက်ပျိုးသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ အဓိကကြုံတွေ့နေရတဲ့ အခက်အခဲကတော့ သီးနှံတွေ စိုက်ပျိုးပြီးရင် ပြန်ရောင်းချဖို့ ဈေးကွက်အခက်အခဲရှိတာပါပဲ။ အဓိက စကစရဲ့ လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့်ရော၊ လမ်းကြောင်းအခြေအနေကလည်း မိုးတွင်းဆိုရင် ခြေကျင်လမ်းပဲ ပေါက်တော့တာမို့ သီးနှံတွေကို လွတ်လွတ်လပ်လပ် သယ်ယူပို့ဆောင်ရတာ လုံးဝမလွယ်ကူပါဘူး” လို့ သူက ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ စစ်အုပ်စုရဲ့ လမ်းကြောင်းပိတ်ဆို့မှုနဲ့ ဈေးကွက်လိုအပ်ချက်တွေကြောင့် ရင်းနှီးမြှုပ်နှံမှုကို ရေရှည်မလုပ်နိုင်တော့ဘဲ စိုက်ပျိုးတဲ့ သီးနှံပုံစံတွေကိုပါ ပြောင်းလဲလိုက်ရတယ်လို့ အဆိုပါ တောင်ယာစိုက်ပျိုးသူက ဆက်ပြောပါတယ်။
“အရင်တုန်းကတော့ ကျွန်တော်တို့ဒေသမှာ ကော်ဖီတို့၊ နာနတ်ခင်းတို့ စိုက်ကြတာတွေ ရှိပါတယ်။ အခုတော့ စိုက်ပြီးရင်လည်း ဈေးကွက်ထဲ ပို့လို့မရ၊ ဈေးကွက်မရှိတာကြောင့် အဲဒီကော်ဖီနဲ့ နာနတ်တွေကို မလုပ်ကြတော့ပါဘူး။ အခုလက်ရှိ အဓိကစိုက်တာကတော့ ငရုတ် ပိုစိုက်ကြတယ်။ စပါး၊ ကောက်ညှင်း၊ ပြောင်းဖူးနဲ့ ငရုတ်ကောင်းတွေကိုလည်း စိုက်ကြပါတယ်။ အဲဒီငရုတ်ခင်းတွေထဲမှာမှ မိသားစုစားသောက်ဖို့အတွက် ဖရုံ၊ သခွား၊ ကျောက်ဖရုံ၊ ပဲသီး စတဲ့ စားလို့ရတဲ့ သီးနှံပင်တွေကို တွဲဖက်ပြီး ထည့်စိုက်ကြတာပါပဲ” လို့ သူက ပြောပါတယ်။
ငဖဲမြို့နယ်ရှိ တောင်ပေါ်ဒေသက အရှိုချင်း တိုင်းရင်းသားတွေဟာ အဓိကအားဖြင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် မှီခိုလုပ်ကိုင်နေကြရပေမယ့် စစ်အုပ်စုရဲ့ လမ်းကြောင်းပိတ်ဆို့မှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနဲ့ ဈေးကွက်ခိုင်မာမှု မရှိတာတွေကြောင့် စီးပွားဖြစ် ရင်းနှီးမြှုပ်နှံရတဲ့ ရေရှည်သီးနှံတွေကို စိုက်ပျိုးနိုင်ခြင်းမရှိတော့ဘဲ ဝမ်းစာနဲ့ တစ်နိုင်တစ်ပိုင် သီးနှံတွေကိုသာ အဓိကထား စိုက်ပျိုးနေကြရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
CJ
