၃ရက်အတွင်း ထားဝယ်မှာ ရေကြီးတောင်ပြိုမှုကြောင့် သေဆုံးသူ ၃၂ ဦးအထိရှိလာ
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် စက်တင်ဘာ ၂၉ ရက်အထိ သေဆုံးသူ ၃၂ ဦးရှိလာပြီး အဆောက်အအုံ ၂၆၀ ကျော် ပျက်စီးခဲ့တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၇ ရက်ကစပြီး ထားဝယ်၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကျေးရွာ ၆၀ ကျော် ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ TNF က ပြောပါတယ်။
လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီ ရှိနေသေးတာကြောင့် သေဆုံးသူစာရင်း ထပ်တိုးလာနိုင်တယ်လို့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ သတင်းရင်းမြစ်အလိုက် သေဆုံးသူစာရင်း ကွာခြားနေသေးတာကြောင့် အခြေအနေကို ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။
တောင်ပြိုမှုတွေကြောင့် အဓိကလမ်းမကြီးတွေ၊ တံတားတွေနဲ့ ရွာချင်းဆက်လမ်းတွေ ပျက်စီးပိတ်ဆို့နေသလို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့အတွက် ဘေးသင့်ဒေသတွေကို အကူအညီပေးဖို့နဲ့ မြေပြင်အခြေအနေ အတိအကျသိရှိဖို့ ခက်ခဲနေပါတယ်။
ရေပြန်ကျလာပေမယ့် မြေသားတွေ စိုထိုင်းနေသေးတာကြောင့် တောင်စောင်းနဲ့ မြေပြိုထားတဲ့နေရာတွေအနီး နေထိုင်သူတွေအနေနဲ့ နောက်ထပ် မြေပြိုမှုအန္တရာယ်ကို သတိထားဖို့ TNF က သတိပေးထားပါတယ်။
ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ (UXO) ရေစီးနဲ့အတူ ရွေ့လျားလာနိုင်တာကြောင့် မသင်္ကာဖွယ်ပစ္စည်းတွေတွေ့ရှိရင် မကိုင်တွယ်ဖို့ သတိပေးထားပါတယ်။ ရေဘေးပြီးနောက် ကူးစက်ရောဂါအန္တရာယ်ရှိနိုင်တာကြောင့် သောက်သုံးရေနဲ့ အစားအသောက် သန့်ရှင်းရေးကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
လက်ရှိကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက အဓိက လုပ်ဆောင်နေရတာကြောင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ မွန်ပြည်အပါအဝင် တစ်နိုင်ငံလုံးက လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ ထားဝယ်ဒေသကို လာရောက်ကူညီပေးဖို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က တောင်းဆိုထားပါတယ်။
ဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။
ဓာတ်ပုံ – TNF
