မုန်တိုင်းငယ် အားကောင်းလာမှုကြောင့် ပဲခူးရိုးမတောင်ခြေဒေသတွေ သတိပြုဖို့လို


မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ မုတ္တမကွေ့အနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ စက်တင်ဘာ ၂၈ ရက်မှာ မုန်တိုင်းငယ် (Depression) အဖြစ် အားကောင်းလာပြီး မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနေတဲ့အတွက် ပဲခူးရိုးမတောင်တန်းနဲ့ တောင်ခြေဒေသတွေမှာ မိုးသည်းထန်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါတယ်။

 

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) ရဲ့ စက်တင်ဘာ ၂၈ ရက် မနက် ၇ နာရီ ထုတ်ပြန်ချက်အရ မုန်တိုင်းငယ်ဟာ မုတ္တမကွေ့နဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းအနီးမှာ တည်ရှိနေပြီး မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ လာမယ့် ၂၄ နာရီအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဘက်ကို ဖြတ်သန်းနိုင်ပါတယ်။

 

မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ မုတ္တမကွေ့အနီးမှာ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ ရှိနိုင်သလို လှိုင်းအမြင့် ၁၀ ပေကနေ ၁၂ ပေအထိ ရှိနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

 

မုန်တိုင်းလမ်းကြောင်းအတိုင်း ရန်ကုန်၊ ပဲခူးနဲ့ မကွေးတိုင်းတွေမှာ မိုးသည်းထန်နိုင်ပြီး စက်တင်ဘာ ၃၀ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေနဲ့ ကရင်၊ မွန်၊ ရခိုင်၊ ကယားနဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ မိုးကျယ်ပြန့်စွာ ရွာနိုင်ပါတယ်။

 

အထူးသဖြင့် တောင်တန်းဒေသနဲ့ ချောင်းငယ်၊ မြစ်ငယ်အနီးမှာ နေထိုင်သူတွေအနေနဲ့ ရုတ်တရက်ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုအန္တရာယ်ကို သတိပြုကြဖို့ မိုးဇလက အကြံပြုထားပါတယ်။ လေပြင်း၊ မိုးကြိုး၊ မိုးသီးကျမှုတွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် မိုးလေဝသသတိပေးချက်တွေကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

 

လက်ရှိမှာလည်း မုန်တိုင်းနဲ့ မိုးသည်းထန်မှုတွေကြောင့် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသအတွင်း ကျေးရွာပေါင်း ၆၀ ကျော်မှာ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေ ဖြစ်ပွားနေပြီး အရပ်သား ၁၃ ဦး သေဆုံးကာ ၃၀ ထက်မနည်း ပျောက်ဆုံးနေကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNC) က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

ဒါကြောင့် ပဲခူးရိုးမတောင်တန်းနဲ့ တောင်ခြေဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ မိုးသည်းထန်စွာရွာသွန်းနေချိန် တောင်ကျရေ၊ ချောင်းရေ ရုတ်တရက်တက်လာတာနဲ့ မြေပြိုကျမှုတွေကို အထူးသတိပြုပြီး အန္တရာယ်ရှိတဲ့နေရာတွေကနေ ကြိုတင်ရွှေ့ပြောင်းနိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။

 

ဓာတ်ပုံ – ပေးပို့

ပုံစာ – စစ်ကိုင်းတိုင်းအတွင်း ရေကြီးနစ်မြုပ်နေပုံ (ပုံဟောင်း)