အလှအပတစ်ခုထက်ပိုသော ဆံနွယ်ရှည်များ

Author CJ Platform
Categories
Published on Sep 25, 2026

ဖျားနေသည့် သားငယ်၏ နဖူးပေါ် ရေဝတ်တင်ပေးရင်း အသက် ၄၅ နှစ်အရွယ် မပြာလေးတစ်ယောက် အတွေးနယ်ချဲ့နေရသည်။ လက်ထဲတွင် လကုန်၌ သားနှစ်ယောက် ကျောင်းစရိတ်ပေးရန် သိမ်းထားသည့် ငွေသုံးသောင်းမှာ ရုတ်တရက် သားနှစ်ယောက်လုံး ဖျားနာသွား၍ ဆေးဖိုးဖြင့် ကုန်သွားခဲ့ပြီ။ လကုန်ရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် ငွေသုံးသောင်းကို မည်သို့ ပြန်ဖြည့်ရမည်နည်းဟူသော အပူမီးက သူမ၏ ရင်ကို လောင်မြိုက်နေသည်။

 

မပြာလေးတို့ မိသားစုက လေးယောက်ရှိသည်။ သားနှစ်ယောက်၏ ကျောင်းစရိတ်မှာ ယခုနှစ်တွင် ပိုမိုတိုးလာသဖြင့် ခင်ပွန်းဖြစ်သူက အချိန်ပိုင်း အပြင်လက်သမား လိုက်လုပ်ရာမှ ရသည့် ဝင်ငွေ တစ်သိန်းခန့်ဖြင့် အိမ်စရိတ်၊ ကျောင်းစရိတ်နှင့် အသုံးစရိတ် မျှတအောင် ကြပ်ကြပ်တည်းတည်းပင် စီမံရသည်။ သူမနှင့် ခင်ပွန်းဖြစ်သူမှာ တောင်သူလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသဖြင့် တောင်သူလုပ်ငန်း ခေတ္တနားသည့် နွေရာသီတွင် မပြာလေးက ယက္ကန်းခတ်ပြီး ခင်ပွန်းဖြစ်သူက လက်သမားအဖွဲ့နှင့် လိုက်၍ အပိုဝင်ငွေ ရှာကြရသည်။

 

ထိုသို့ ရုန်းကန်နေရသော်လည်း အမှန်တကယ်တော့ မပြာလေးသည် ဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်သည်။ သူမတို့ခေတ်က တစ်ရွာလုံးတွင် ဆယ်တန်းအောင်သူပင် ရှားပါးပြီး ဘွဲ့ရလျှင် ကျောင်းဆရာမ လုပ်ခွင့်ရသည့် အခွင့်အရေးရှိသော်လည်း မြို့တွင် မနေချင်သဖြင့် ဇာတိရွာသို့ ပြန်ကာ ပင်ပန်းလှသည့် တောင်သူအလုပ်ကိုပင် မက်မက်မောမော ရွေးချယ်ခဲ့သူ ဖြစ်သည်။ ထိုခေတ်က ဝန်ထမ်းလစာမှာ မက်မောစရာ မရှိဟု သူမက ယူဆခဲ့သည်။

 

“ငါတို့က ပညာတတ်ပေမဲ့ တောထဲနေချင်တဲ့သူတွေ။ ဒါမျိုးလူဆိုတာ ရှားမှရှားဟေ့။ အဲ့တုန်းက လစာက တစ်လမှ ၂၀၀ လား၊ ၃၀၀ လား ရကြတဲ့ခေတ်လေ။ ဝန်ထမ်းခေတ် မဟုတ်တော့ လုပ်လည်း မလုပ်ချင်တာ။ အဲယားကွန်းခန်းထဲ မနေချင်လို့ပဲ မြို့ကနေ တောပြန်လာပြီး ကျောပူရင်ပူခံ တောင်သူအလုပ် လုပ်တာ” ဟု သူမက အာဏာရှင်ခေတ်အဆက်ဆက်၏ ပြည်သူအပေါ် မသထာမှုများကို ပြောပြသည်။

 

သို့သော် ယခုကဲ့သို့ ကျပ်တည်းလွန်းသည့် ခေတ်ဆိုးကြီးနှင့် မတူဘဲ ၂၀၂၁ အာဏာမသိမ်းမီ ၂၀၁၅-၂၀၁၆ ကာလ အရပ်သားအစိုးရလက်ထက်ကမူ မပြာလေးတို့ မိသားစု ဝမ်းရေးလည်း မပူရသလို လက်ထဲတွင်လည်း ငွေမပြတ်ခဲ့ပါ။ ပိုလျှံသည်များကို စုဆောင်းနိုင်ခဲ့သဖြင့် သားကြီး၏ ရှင်ပြုပွဲကိုပင် လူတန်းစေ့ ကျင်းပပေးနိုင်ခဲ့သည်။

“အဲတုန်းက အဆင်ပြေတယ်လေ။ ၁,၀၀၀ ဖိုးဆို ကြက်ဥ ၁၀ လုံးရတယ်။ ဆီ ၁၀ ပိဿာဝင် ပုံးကြီးတစ်ပုံးမှ ၂,၀၀၀ ဝန်းကျင်ပဲ ရှိတာ။ ယမ်ယမ်တစ်ထုပ်မှ ၂၅၀၊ Shark တစ်ဗူး ၈၀၀။ ကလေးမုန့်ဖိုးဆိုတာ တစ်နေ့ ၅၀၀ ဆို ဝပြီပေါ့။ အခုကတော့ တစ်နေ့ ၅၀၀ ပေးဖို့မပြောနဲ့ တစ်ပတ်နေလို့ တစ်ခါ မုန့်ဝယ်မကျွေးနိုင်ဘူး။ ဖျားမှနာမှသာ ဝယ်ကျွေးဖြစ်တာ။ ငါ့သားနှစ်ယောက်လုံး ဖျားချင်နေကြမလား မသိဘူး” ဟု သားအငယ်ဆုံးကို ကြည့်ကာ စနောက်ရယ်မောရင်း ပြောသည်။

 

ထိုစဉ်က ဝင်ငွေနှင့် ထွက်ငွေ မျှတသဖြင့် ရွာရေးရွာကိစ္စ၊ အလှူအတန်းများတွင် ပါဝင်နိုင်ရုံမက မပြေလည်သူများကိုပင် ငွေတိုငွေစ ချေးငှားနိုင်ခဲ့သည်။ ယခုမူ အခြားသူများထံမှ ပြန်လည်ချေးငှားနေရပြီး အငှားလိုက်၍ ရသည့်ငွေနှင့် ပြန်ဆပ်ရင်း သံသရာလည်နေရသည်။

 

“တစ်လနေလို့ အသားဟင်း တစ်ခါမှ ဝယ်မစားဖူးဘူး။ တကယ်ပြောတာ။ ငါ့အတွက်လည်း မုန့်တစ်ထုပ်တောင် ဝယ်မစားဖြစ်ဘူး။ ဒါပေမဲ့ လက်ထဲ ပိုက်ဆံရှိနေလားဆိုလည်း မရှိဘူး။ အရင်က သူများရွာက အိမ်ဆောက်အငှားခေါ်ရင် ယောကျ်ားက လက်သမားလိုက်လုပ်တယ်။ ငါကလည်း ယောလုံကွင်းရက်တယ်၊ ရောင်းလည်း ရောင်းရတော့ မနက်ည မနားမနေ ရက်ရင် တစ်နေ့ ဝမ်းဆက်တစ်စုံပြီးတော့ ကိုက်တယ်လေ။ အခုက ငွေဝင်စရာ အလုပ်ကို မရှိတာ။ လက်သမားအလုပ်ကလည်း ကျဲတဲတဲပဲ။ ယောလုံကွင်းတွေကလည်း စစ်ဖြစ်နေတော့ ဝယ်သူမရှိဘူး။ လကုန်ရင် ကျောင်းစရိတ်အတွက် ရင်တမမ ဖြစ်နေရတယ်” ဟု မပြာလေးက ညည်းတွားသည်။

 

သူမတို့ ကြုံတွေ့နေရသည့် ပညာရေးအခက်အခဲဆိုသည်မှာလည်း နိုင်ငံရေးအခြေအနေကြောင့် ဖြစ်သည်။ မပြာလေးတို့ရွာတွင် NUG ပညာရေးစနစ်နှင့် CDM ဆရာ၊ ဆရာမများ၊ Volunteer ဆရာ၊ ဆရာမများ အယောက် ၂၀ ဝန်းကျင်ခန့်ဖြင့် သင်ကြားပေးနေကြခြင်း ဖြစ်ပြီး ဆရာ၊ ဆရာမများကို လစဉ် ချီးမြှင့်ငွေအပြင် လစဉ် ကျောင်းစရိတ်အဖြစ် ကျောင်းသားတစ်ယောက်လျှင် ၁၅,၀၀၀ နှုန်းဖြင့် မိဘများက ထည့်ဝင်ကြရသည်။

“အရင်ခေတ်ကိုတော့ ပြန်မလွမ်းတော့ပါဘူး။ အခုခေတ်က ဒီလိုလုပ်ကြရတဲ့ခေတ်ဆိုတော့ လုပ်ရတာပဲလေ။ ဆရာ၊ ဆရာမတွေလည်း အစိုးရကပေးတဲ့ လစာလို့မှ မရှိတော့ မိဘတွေက ထောက်ပံ့ပေးကြတယ်။ စေတနာ မမွဲပါဘူး။ ဆရာ၊ ဆရာမများကိုလည်း ဒီထက်မက လစာတွေ အများကြီး ပေးချင်တယ်။ ဒါပေမဲ့ ကျွန်မတို့က လူမွဲတွေမို့ ကျောင်းစရိတ်တောင် အနိုင်နိုင် ဖြစ်နေတယ်” ဟု မပြာလေးက သူမတို့ဒေသ၏ စေတနာ မမွဲကြောင်း အာဘောင်အာရင်းသန်သန် ပြောပြသည်။

 

မပြာလေးတို့ရွာတွင် အမျိုးသမီးများသည် အမျိုးသားများနှင့်မခြား ရင်ဘောင်တန်းကာ လုပ်ကိုင်ကြရသည်။ လယ်ထွန်တာလည်း လုပ်ရသလို ပျိုးနှုတ်၊ ကောက်စိုက်ရာမှာလည်း မပါမဖြစ် ပါရသေးသည်။ သို့သော် နေပူစပ်ခါးကြားတွင် မငတ်ရုံတမယ် လုပ်ကိုင်နေရပြီး လက်ထဲ ငွေမကိုင်ရသည်ကိုမူ မပြာလေး ဘဝင်မကျလှပါ။ ပညာတတ်ဖြစ်လျက် တောင်သူပြန်လုပ်သည်ဟု ဝေဖန်ကြသည့် ပတ်ဝန်းကျင်ကို စိတ်မဆိုးသလို နောင်တလည်း မရခဲ့ပါ။ ဒါတင်မကသေးဘဲ မပြာလေးတို့ တောင်သူလုပ်ငန်းခွင်မှာလည်း စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် ခေတ်နောက်ပြန် ဆွဲခေါ်ခံလိုက်ရသလို ဖြစ်သွားခဲ့ရသည်။

 

“နွားနဲ့ဆိုတော့ အချိန်ကြန့်ကြာတာပေါ့။ နွားနဲ့က တစ်ရက်နှစ်ရက်ထွန်ရရင် စက်နဲ့ဆို တစ်နာရီနှစ်နာရီပဲ ကြာတာလေ။ အလုပ်မြန်မြန်ပြီးတယ်။ ၂၀၂၄ လောက်အထိ စက်နဲ့ ထွန်နိုင်သေးတယ်။ ဒီနှစ်ကတော့ စက်မငှားနိုင်တော့ဘူး။ ဓာတ်ဆီတစ်လီတာ ၁၃,၀၀၀ ဖြစ်သွားတော့ စက်သေးနဲ့ဆို တစ်နာရီ ၄၅,၀၀၀၊ စက်ကြီးနဲ့ ထွန်ခက တစ်နာရီကို ၇၅,၀၀၀ ကနေ ၈၀,၀၀၀ အထိ ဖြစ်သွားပြီ။ ဒီနှစ်က ဈေးအကြီးဆုံးပဲ။ မငှားနိုင်တော့ဘူး။ လူအပင်ပန်းခံရုံပဲ။ စက်မှုလယ်ယာမြေကလည်း ဒီထက် မတိုးတက်နိုင်တော့ဘူး ထင်ပါတယ်” ဟု သူမက စိတ်ဓာတ်ကျစွာ ပြောပြသည်။

ယခုလို အခက်အခဲတွေ အမျိုးမျိုးကြားမှာ အလုပ်အကိုင်ရှားပါးလာတာကတစ်ကြောင်း၊ ငွေကြေးတန်ဖိုး လျော့နည်းလာတာတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေကြားမှာ ကလေးကျောင်းစရိတ်ဟာ မပြာလေးတို့အဖို့တော့ ရင်ပူစရာကိစ္စတစ်ခု ဖြစ်လာတာပင်။ ကလေးကျောင်းစရိတ်အတွက် ကြံရာမရ ဖြစ်နေချိန်တွင် ရွာထဲမှ မိန်းကလေးအချို့ ဆံပင်ဖြတ်ရောင်းရာ ငွေနှစ်သိန်းခန့် ရသည်ဟု ကြားသိရသဖြင့် မပြာလေးသည် သူမ၏ ဆံပင်ကို ဖြတ်ရောင်းရန် “အကြံကုန် ဂဋ္ဌုန်ဆားချက်” ဆိုသည့်အတိုင်း ဆုံးဖြတ်ရသည်။

 

“ကျောင်းစရိတ်လည်း ပေးရတော့မှာရယ်၊ လက်ထဲလည်း ပိုက်ဆံက ပြတ်နေတာရယ်ကြောင့် ဆံပင်ဖြတ်ရောင်းလိုက်တယ်။ မနှမြောတော့ပါဘူး။ ကလေးနှစ်ယောက်အမေတောင် ဖြစ်နေပြီ။ အခုက ပိုက်ဆံက အရေးကြီးသွားပြီ။ ဆံပင်က ပြန်ရှည်လာမှာလေ” ဟု မပြာလေးက သူမ၏ ဆံပင်ငုတ်တိုလေးကို သပ်ရင်း ပြောသည်။

 

ယောဒေသတွင် ယခင်က ဆံပင်ဖြတ်ရောင်းသည့် ဓလေ့မရှိခဲ့ဘဲ ကျွတ်ကျသည့် ဆံပင်များကိုသာ အိုးခွက်ပန်းကန်များနှင့် လဲလှယ်ကြရာမှ ယခုခေတ်ကျမှသာ ဆံပင်ဖြတ်ရောင်းလာကြခြင်း ဖြစ်သည်။

“အပျိုဘဝကတော့ ဆံပင်ကို တန်ဖိုးထားခဲ့တာပေါ့။ မိန်းကလေးဆိုတာ ဆံပင်ရှည်မှ ဘုန်းကံရှိတယ်လို့ လူကြီးတွေ ပြောတာကိုး။ အပျိုဘဝတည်းက တစ်ခါမှ ဆံပင်အတို မဖြတ်ဖူးဘူး။ အခုမှ ဖြတ်ရောင်းဖူးတာ။ အခုတော့ လှလည်း မလှချင်တော့သလို ဆံပင် နှမြောစိတ်လည်း မရှိတော့ဘူး။ ဘုန်းကံလည်း မရှိနေပါစေတော့။ မငတ်ဖို့နဲ့ ကလေးကျောင်းစရိတ်က ပိုအရေးကြီးတယ်လေ”လို့ သူဆိုသည်။

 

၂၀၂၁ နောက်ပိုင်း မိသားစုဘဝမှာ တဖြည်းဖြည်း လုံးပါးပါးလာခဲ့ရသည်။ မပြာလေးသည် သားများ၏ အနာဂတ်အတွက် စိတ္တဇဖြစ်ကာ အတွေးများရသည့် အချိန်များ အကြိမ်များစွာ ရှိခဲ့သည်။ ယခင်ကလို ကျောင်းပြီးလျှင် တက္ကသိုလ်တက်၊ ဘွဲ့ရပညာတတ်ဖြစ်ဖို့ဆိုတာ ဒီကာလမှာတော့ မလွယ်ကူလှပါ။ ဟိုဘက်ဒီဘက် ပဋိပက္ခတွေကြား ရွေးချယ်စရာတွေက နည်းပါးလှလေသည်။ မြို့လွှတ်ပိုက်ဆံရှာဖို့ဆိုတာကလည်း ပေါ်တာဆိုသည့် လက်မဲကြီးနဲ့မို့ ကလေးတွေရဲ့ ရှေ့အနာဂတ်လမ်းမှာ မှုန်ဝါးလွန်းလှပါသည်။

 

“သားတွေကိုလည်း ဒီဘက်က ကျောင်းပြီးအောင်တော့ ထားမှာပါ။ သေစာရှင်စာတတ်လောက်ရင် တော်ပြီပေါ့လို့ စိတ်ကို ဒုံးဒုံးချထားရတယ်။ မြို့ကျောင်းလည်း မထားရဲသလို ပိုက်ဆံလည်း မတတ်နိုင်ပါဘူး။ ကျောင်းပြီးလို့ ငွေရှာလွှတ်ပြန်ရင်လည်း စစ်မှုထမ်းပေါ်တာဆွဲခံရမှာ ကြောက်ရတော့ တောင်သူလုပ်ငန်းပဲ သင်ပေးထားလိုက်တော့တာ” ဟု ယခုခေတ်ကာလ၏ လူငယ်တွေရဲ့ ဘဝ မလုံခြုံရမှု၊ တိုးတက်ရာလမ်းကြောင်း ရှာဖွေခွင့် နည်းပါးမှုတွေကို ပြောပြသည်။

ယောဒေသ၏ ခေတ်ဆိုးကြီးထဲတွင် မပြာလေးတစ်ယောက်တည်းသာ ကုန်ဈေးနှုန်းနှင့် စီးပွားရေး ကျပ်တည်းမှုဒဏ်ကို ရင်ဆိုင်နေရသည် မဟုတ်ပါ။ သားသမီးလေးယောက်နှင့် ဒေါ်ဝင်းဝင်းဆိုသည့် မိခင်တစ်ဦးသည်လည်း ထိုဒဏ်ကို အလူးအလဲ ခံနေရသူ ဖြစ်သည်။

 

ဒေါ်ဝင်းဝင်းတို့က မိသားစုဝင် ၇ ယောက်ရှိပြီး သားအလတ်က Grade-8၊ သားအငယ်က Grade-6 တွင် တက်ရောက်နေကြကာ သမီးအကြီးဆုံးက Grade-12 အောင်ပြီးနောက် NUG လက်အောက်ခံ စာသင်ကျောင်းတွင် Volunteer ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူမ၏ သားအကြီးဆုံးမှာမူ ၂၀၂၅ ခုနှစ်တွင် အိမ်ထောင်ကျသွားသဖြင့် မိသားစုနှင့် အတူမနေတော့ပါ။

 

ဒေါ်ဝင်းဝင်း၏ ခင်ပွန်းဖြစ်သူမှာ အလုပ်အကိုင် အတည်တကျမရှိသည့်အပြင် အသောက်အစားဖက်သူဖြစ်၍ တစ်အိမ်လုံး၏ အိမ်ထောင်ဦးစီးတာဝန်ကို သူမကပင် ခါးချဉ်ကောင်ခါးနှင့် မာန်တင်းကာ ကြိုးစားထမ်းရရှာသည်။

 

ဒေါ်ဝင်းဝင်းတို့တွင် လယ်ယာမြေ အပိုင်မရှိသကဲ့သို့ ကျွဲ၊ နွားလည်း အပိုင်မရှိကြပါ။ သားအကြီး မင်္ဂလာဆောင်စဉ်က အဖိုးအဖွားများက သူတို့နွားကို ရောင်းကာ တင်တောင်းငွေအဖြစ် စီစဉ်ပေးခဲ့၍သာ တင့်တင့်တယ်တယ် မင်္ဂလာဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမတွင် ပိုင်ဆိုင်သည်ဆို၍ ဒုက္ခနှင့် ဆင်းရဲမွဲတေမှုများသာ ဖြစ်သည်။

 

ထို့ကြောင့်လည်း ကျောင်းနေအရွယ် သားသမီးသုံးယောက်ရှိသည့် ဒေါ်ဝင်းဝင်းအဖို့ ကျောင်းစရိတ် ရှာဖွေရသည်မှာ မလွယ်ကူလှပါ။ ဝမ်းရေးနှင့်အတူ သားတွေရဲ့ ပညာရေးစရိတ်ကလည်း ထပ်တူ ရင်ပူရသည့် ကိစ္စပင်။ စားစရာမရှိလျှင် ချေးငှားစားသောက်၍ ရနိုင်သော်လည်း ငွေကြေးနှင့် ပတ်သက်လာပါက သူမတို့ကဲ့သို့ မျက်နှာမွဲများကို မည်သူကမျှ ယုံယုံကြည်ကြည် မချေးငှားချင်ကြပေ။

 

ဒေါ်ဝင်းဝင်းသည် ကောက်စိုက်ချိန်ဆိုလျှင် ကောက်စိုက်အငှား၊ မြေပဲနှုတ်အငှား လိုက်ရသလို ဆန်မုန့်ထောင်းခြင်း၊ သက်ကယ်ရက်ခြင်း၊ ကြက်ဟင်းများကို ခုတ်ထစ်ရောင်းပေးခြင်း စသည့် အလုပ်မျိုးစုံဖြင့် ဝင်ငွေရှာရသည်။ ပိုက်ဆံရပါက ဆန်အိတ်လိုက် ဝယ်မစားနိုင်ဘဲ ရသည့်ငွေဖြင့် ဆန်သုံးပြည်၊ လေးပြည်ခန့်သာ လှောင်ထားနိုင်သူ ဖြစ်သည်။

 

“မရှိတာသိကြတော့ မချေးပေးချင်ကြဘူးပေါ့။ သူသူကိုယ်ကိုယ် အသက်ရှူမချောင်တဲ့အချိန်မှာ ငွေချေးရ မလွယ်တော့ဘူး။ အလုပ်အကိုင်က ရှားတော့ မြန်မြန်လည်း ပြန်မဆပ်နိုင်ဘူးလေ။ ကျောင်းစရိတ်ကလည်း ကလေးသုံးယောက်ဆိုတော့ ၄၀,၀၀၀ လစဉ် ထည့်ရတယ်လေ။ ဘယ်လောက်ခက်ခဲနေနေ သားသမီးတော့ ကျောင်းနှုတ်ဖို့ တစ်ခါမှ မစဉ်းစားပါဘူး။ ဘာမှမရှိတဲ့ဘဝမို့ ပေးနိုင်တာ ပညာအမွေပဲ ရှိပါတယ်” ဟု ဒေါ်ဝင်းဝင်းက ဆန်မုန့်ထောင်းရင်း ပညာရေးအပေါ် သူမ၏ ခံယူချက်ကို ပြောပြသည်။

မိန်းမသားပီပီ ဒီလောက် အလုပ်ကြမ်းတွေ ဇယ်ဆက်သလို လုပ်နေရပေမဲ့ လုပ်အားခမှာတော့ ယခုခေတ်ကာလ ကုန်ဈေးနှုန်းများနှင့် နှိုင်းယှဉ်လျှင် နည်းပါးလှလေသည်။

 

“ဆန်ကြမ်းတစ်ပြည် ၃,၅၀၀၊ ၄,၀၀၀ ဖြစ်နေတဲ့အချိန်မှာ အငှားတစ်မနက် လိုက်လို့ရတဲ့ငွေက ၅,၀၀၀ လေ။ ဆန်တင်းဝင်အိတ် ဝယ်ဖို့မပြောနဲ့ ဆန်လေးငါးပြည် လက်ထဲရှိနေရင် ပျော်ရပြီ။ မဖျားရဲ၊ မနာရဲတဲ့ ဘဝတွေပါ” ဟု ဒေါ်ဝင်းဝင်းက ပါးပြင်ပေါ်ကျလာသည့် ချွေးစများကို ခပ်ကြမ်းကြမ်း သုတ်ရင်း ပြောပြသည်။

 

အရင်က ပါရာစီတမော တစ်ကတ် ၂၀၀၊ ၂၅၀ ကျပ်မှ ယခု ၁,၀၀၀ မှ ၁,၃၀၀ ကျပ်အထိ ဈေးမြင့်တက်လာပြီး ဒီကိုဂျင် (Decolgen) တစ်ကတ် ၇,၀၀၀ ကျပ်၊ ခေါင်းလေးလုံး ဆေးကတ်များ တစ်ကတ် ၃,၅၀၀ ကျပ်အထိ မြင့်တက်လာသဖြင့် သူမတို့ကဲ့သို့ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် ဘဝများမှာ ဖျားနာမည်ကိုပင် ကြောက်နေရသည်။

 

ခေတ်ကာလကောင်းစဉ်ကမူ သူမ အငှားလိုက်၍ရသည့် ငွေကြေး၊ ခင်ပွန်းဖြစ်သူ အပြင်ရွာများအထိ သွားရောက် လုပ်ကိုင်သည့် လက်သမားလခတို့ဖြင့် အသက်ရှူချောင်ခဲ့ရသည်။ ယခုမူ အိမ်ထောင်ဦးစီး တာဝန်ရော၊ ကလေးများပညာရေးကိစ္စအဝဝအပြင် ထင်းခုတ်၊ ထင်းရှာအထိ ဒေါ်ဝင်းဝင်းတစ်ယောက်တည်း ပခုံးထမ်းထားရသည်။

 

ယခုလို ဘဝကို ခက်ခဲကြမ်းတမ်းစွာ ရပ်တည်နေရပေမဲ့ စေတနာနဲ့ အာဏာရှင်ကို ဆန့်ကျင်လိုစိတ်ကလည်း လျော့နည်းမနေပါ။ ဒေါ်ဝင်းဝင်းတို့ ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် တော်လှန်ရေးရဲဘော်များအတွက် ထမင်းထုပ်များ ပို့ပေးကြရသည်။ ပြည်သူကို ကာကွယ်သည့် ရဲဘော်များ ဖြစ်၍ ထမင်းထုပ်တိုင်းတွင် ဟင်းကောင်းလေးတစ်မယ်တော့ ဒေါ်ဝင်းဝင်း ထည့်ပေးချင်သည်။ အသားဟင်း မပါနိုင်လျှင်ပင် ယခင်က ၁,၀၀၀ ဖိုး ၁၀ လုံးရပြီး ယခု ၇၀၀ တန် ဖြစ်သွားသည့် ကြက်ဥကိုပင် ထမင်းထုပ်တိုင်းတွင် မဖြစ်ဖြစ်အောင် ထည့်ကြော်ပေးလေ့ရှိသည်။

 

တစ်ခါတစ်ရံ အိမ်တွင် ဆန်ကုန်သည့်အချိန်များနှင့် ကြုံရတတ်ပြီး သမီးကြီး၏ ချီးမြှင့်ငွေ ၆၀,၀၀၀ ကျပ်ကလည်း လကုန်မှရမည်ဖြစ်၍ ဘေးအိမ်များထံမှ ဆန်နှစ်ပြည်ကို လကုန်မှ ပိုက်ဆံပေးမည်ဟု ဆိုကာ ခဏ ရောင်းပေးရန် တောင်းဆိုရသည်။

 

“ကြုံကြိုက်လိုက်တာပါ။ ထမင်းထုပ်က တစ်ခါတစ်လေ အရေးပေါ်လိုမျိုး ထုပ်ပေးရတတ်တယ်။ ကြိုထုပ်ခိုင်းတာမျိုးက ဆန်ပြတ်တာနဲ့ ကြုံခဲပါတယ်။ ပင်ပန်းကြတဲ့သူတွေအတွက်ဆိုတော့ မရရအောင်ပဲ ထမင်းထုပ်ပေးတယ်။ အသားဟင်း မပါတောင် ကြက်ဥလေးတော့ ကြော်ပေးလိုက်တယ်။ ကိုယ်က ဘာဟင်းနဲ့နေနေ စားလို့ရတယ်လေ” ဟု ဒေါ်ဝင်းဝင်းက ပြောပြသည်။

 

ကျပ်တည်းလွန်းသည့် အခြေအနေကြောင့် ဒေါ်ဝင်းဝင်းသည်လည်း မပြာလေးကဲ့သို့ပင် ရွာထဲမှ အမျိုးသမီးများ ဆံပင်ဖြတ်ရောင်း၍ ငွေရကြသည်ကို ကြားသိရသောအခါ သူမ၏ ဆံပင်ရှည်ထူထူကို ဖြတ်ရောင်းရန် ဆုံးဖြတ်ခဲ့သည်။

 

“ဆံပင်ဖြတ်ရောင်းလိုက်တာ ၁၈၉,၀၀၀ ကျပ် ရလိုက်တယ်လေ။ သားတွေအတွက် ကျောင်းလခလေးချန်ပြီး ဆီနဲ့ ဆန်တော့ လုံလောက်အောင် ဝယ်စုထားလိုက်တယ်။ ငွေလေးရလာတော့လည်း ဝယ်စရာချည်းပါပဲ။ မိသားစုလည်း ကြက်ဥ တစ်ယောက်တစ်ခြမ်းစီ စားကြရတာပေါ့၊ ငွေလေးရွှင်နေရင်တော့” ဟု ဒေါ်ဝင်းဝင်းက ဆိုသည်။

ဆံပင်ဝယ်ရောင်းလုပ်သူများသည် ဆံပင်ရှည်ရှည်၊ ထူထူ၊ ဆေးမထိဘဲ အဖြူမရောသည့် ဆံပင်ဆိုပါက တစ်ကျပ်သားလျှင် ၃၀,၀၀၀ ကျပ်အထိ ပေးလေ့ရှိသည်။ ဆံပင်ရှည်အလိုက် ရောင်းချကြသူများက ဆံသားကောင်းရင်ကောင်းသလို ကျပ် ၂ သိန်းကျော်အထိ ရရှိကြသည်။

 

အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် စီးပွားရေးကျပ်တည်းမှုဒဏ်ကြောင့် ယောဒေသမှ မိန်းမသားများသည် မိန်းမသားပီပီ မြတ်နိုးလှသည့် ဆံပင်များကိုပင် မနှမြောနိုင်ဘဲ ရရာနည်းလမ်းဖြင့် ရုန်းကန်နေကြရသည်။

 

ယောဒေသမှ မပြာလေးနှင့် ဒေါ်ဝင်းဝင်းတို့ကဲ့သို့သော မိခင်များစွာအတွက် ဆံနွယ်ရှည်များဆိုသည်မှာ အလှအပတစ်ခုသက်သက် မဟုတ်တော့ဘဲ သားသမီးများ၏ ပညာရေးနှင့် မိသားစုဝမ်းရေးအတွက် နောက်ဆုံးအားကိုးရာ အရင်းအနှီးများ ဖြစ်လာနေသည်။ ပြန်လည်ရှည်ထွက်လာမည့် ဆံပင်များနှင့်အတူ ယောဒေသရှိ ကလေးငယ်များ၏ အနာဂတ်မျှော်လင့်ချက်များသည်လည်း တစ်နေ့တွင် ပြန်လည်ရှင်သန်လာမည်ဟု သူမတို့ ယုံကြည်နေကြရဲ့လားဆိုတာကိုတော့ မပြောတတ်ပါ။