တိုက်ခိုက်ခံရပြီး တိမ်းမှောက်သွားတဲ့ ကုန်တင်သင်္ဘောပေါ်က ပစ္စည်းတွေကို သယ်ယူတဲ့ စစ်အုပ်စု ဒရုန်းနဲ့ ထပ်အတိုက်ခံရပြီး ၈၀ ဦးခန့် အထိနာ
ကချင်ပြည်၊ ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ စစ်ရေယာဉ်အုပ်စုကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက ဆက်တိုက်ကြားဖြတ်တိုက်ခိုက်နေပြီး စက်တင်ဘာ ၁၆ ရက်နေ့က တိမ်းမှောက်သွားတဲ့ ကုန်တင်ဖလက်တွဲပေါ်က ပစ္စည်းတွေ ပြန်လည်သယ်ယူနေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က အထိအခိုက်များခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာ ရွှေကူကနေ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ကုန်တင်ဖလက်တွဲနဲ့ သံခွန်ရေယာဉ်တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကုန်တင်ဖလက်တွဲတစ်စီး တိမ်းမှောက်ခဲ့ပါတယ်။
အဲဒီနောက် တိမ်းမှောက်သွားတဲ့ ရေယာဉ်ပေါ်က ပစ္စည်းနဲ့ ရိက္ခာတွေကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ပြန်လည်သယ်ယူနေချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၇ ရက်မှာ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကုန်တွေဆွဲချနေတဲ့ကောင်တွေကိုလည်း ဒရုန်းကြီးတွေနဲ့ ချတာ။ ရွှေကူအောက်ဘက်မှာ ချန်ထားခဲ့တဲ့ ဖလက်တွေပေါ်မှာလည်း သူတို့အရွေ့အပြောင်းလုပ်ဖို့ တပ်မ ၈၈ ကကောင်တွေ ကုန်တင်တာ၊ ဘန်ကာလုပ်တာဆို လူအင်အား ၇၀၊ ၈၀ လောက်ရှိမယ်။ အဲဒီနေရာကို နှစ်လုံးချနိုင်ခဲ့တယ်။ ညနေက သံခွန်ကြီးမှောက်ထားပြီး နောက်တစ်နေ့မနက် ပစ္စည်းလာသယ်တဲ့အချိန်နဲ့ ဘန်ကာဘက် ဆုတ်သွားတဲ့ကောင်တွေကို ထပ်ဗျင်းလိုက်တော့ စစ်အုပ်စုဘက်က ၈၀ လောက် ထိသွားတာ” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက် မနက် ၉ နာရီခွဲခန့်မှာလည်း ရွှေကူကနေ ဗန်းမော်ဘက်ကို ဆန်တက်လာမယ့် စစ်ရေယာဉ် ၂ စီးဟာ ရွှေကူမြို့အနီး ကျွန်းတော်ကျေးရွာဘက်ကို ကပ်လာစဉ် တော်လှန်ရေးတပ်တွေက FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ရေယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၆ ရက်မှာ ရွှေကူကနေ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်ရေယာဉ် ၃ စီးအနက် တစ်စီးနစ်မြုပ်ခဲ့ပြီး ဗန်းမော်ဘက်ကနေ စုန်ဆင်းလာတဲ့ စစ်ရေယာဉ် ၅ စီးကိုလည်း စင်းခန်းတံတားအနီးမှာ တိုက်ခိုက်ခဲ့ရာ ၄ စီး နစ်မြုပ်ခဲ့တယ်လို့ LAIZA TV က ထုတ်ပြန်ထားပါတယ်။
အခုလို ရေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်အုပ်စုဘက်က အထိအခိုက်များခဲ့ပြီးနောက် စက်တင်ဘာ ၁၇ ရက်မှာ ရွှေကူမြို့နယ်၊ လေးနောင်ကုတ်ကျေးရွာဘက်ကို စစ်အုပ်စုက Y-12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတာဖြစ်ပေမယ့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုဟာ ဗန်းမော်မြို့မှာ တပ်စွဲနိုင်ဖို့ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ဖြည့်တင်းပြီး တပ်မိသားစုဝင်တွေကိုပါ ခေါ်ဆောင်လာတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“သူတို့က ဗန်းမော်မှာ ထိုင်ရတော့မယ်ဆိုတဲ့စိတ်နဲ့ ရိက္ခာတွေ အပြည့်အစုံဖြည့်တင်းပြီး အပြီးပြန်လာတဲ့ပုံစံမျိုး လုပ်ကြတာ။ စစ်သုံ့ပန်းတွေ ရထားတဲ့အထဲမှာ မိသားစုတွေ ပါတယ်လေ။ ခုကျတော့ အကုန်အထိနာသွားတာပေါ့” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး မန္တလေးကနေ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ စစ်ရေယာဉ်၊ တွန်းသင်္ဘောနဲ့ စပိဘုတ် အစီး ၂၀ နီးပါး တိုက်ခိုက်ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂ ရက်မှာလည်း စင်းခန်းတံတားအကျော်မှာ စစ်ရေယာဉ် ၂ စီး အလံဖြူထောင်ပြီး ကမ်းကပ်ကာ တပ်မှူး၊ အရာခံဗိုလ်၊ တပ်ကြပ်ကြီးတွေနဲ့ အဓမ္မစစ်မှုထမ်း စုဆောင်းခံထားရသူတွေ အပါအဝင် ၁၅၁ ဦး အလင်းဝင်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဓာတ်ပုံ – ပေးပို့
