နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ထားတဲ့ မင်းအောင်လှိုင်က ဂိတ်ကြေးတွေကြောင့် ကုန်ဈေးတက်နေတယ်လို့ ပြော
နယ်စပ်ကုန်သွယ်ရေးနဲ့ ထိုင်းကုန်ပစ္စည်းတင်သွင်းမှုတွေကို ကန့်သတ်ထားချိန်မှာ နိုင်ငံတဝန်း ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး စစ်ဆေးရေးဂိတ်တွေက တရားမဝင်ကုန်ကျစရိတ်တွေကြောင့်လည်း ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုလို ပြောခဲ့တာပါ။
“ထုတ်လုပ်မှု ကုန်ကျစရိတ် များတာပေါ့။ သံသရာ လည်နေတာပေါ့။ ဆီဈေးကြီးလို့ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးလာတယ်။ အဲဒီတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးတယ်။ ဟိုဂိတ်၊ ဒီဂိတ်တွေပေါ့။ တိုင်းတွေ၊ ပြည်နယ်တွေမှာ ဖွင့်ထားကြတယ်။ ဒီဂိတ်တွေကနေပြီးတော့ ကုန်ကျစရိတ်တွေ တက်လာတာရှိတယ်”လို့ မင်းအောင်လှိုင်က ပြောပါတယ်။
လက်ရှိမှာလည်း ထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်စွာ စစ်ဆေးတာ၊ သိမ်းဆည်းတာတွေနဲ့ ငွေကြေးတောင်းခံတာတွေ ရှိနေပြီး ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး နှောင့်နှေးနေတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
“ဘားအံကနေ သထုံကို သယ်ဖို့ သံလွင်တံတားတစ်ခု ဖြတ်ဖို့ကို သိန်း ၂၀ လောက်ကုန်တယ်။ အစားစားပဲ။ ဘားအံကနေ ရန်ကုန်ကို ပစ္စည်းပို့ပေးတာလည်း တစ်ခုမှကို ပို့မရဘူး။ သူတို့ကို မေးတော့ QR ကုဒ်မှာ ထိုင်းစာပါနေလို့တဲ့။ ပြန်ရောက်လာတယ်၊ ပို့မရဘူး။ ထိုင်းပစ္စည်းက ပို့မရဘူး၊ အကုန်ဖမ်းနေတာ”လို့ ကုန်စုံဆိုင်ဖွင့်ထားတဲ့ သထုံမြို့ခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်မှာလည်း ထိုင်းနိုင်ငံ မယ်ဆိုင်နဲ့ မြန်မာနိုင်ငံ တာချီလိတ်ကြား နယ်စပ်ဂိတ်မှာ မြန်မာဘက်က ထိုင်းနိုင်ငံက တင်သွင်းတဲ့ အေးခဲအစားအစာနဲ့ ကုန်ပစ္စည်းအချို့ကို ယာယီကန့်သတ်လိုက်တာကြောင့် ကုန်သွယ်ရေးနဲ့ ယာဉ်အသွားအလာတွေ ရှုပ်ထွေးခဲ့ပြီး တာချီလိတ်မှာ ကြက်ဥဈေးတစ်လုံး ၁၅ ဘတ်အထိ မြင့်တက်လာတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဒါ့အပြင် စက်တင်ဘာလဆန်းပိုင်းကစပြီး မော်လမြိုင်-ရန်ကုန်နဲ့ မော်လမြိုင်-ကျိုက်မရော လမ်းကြောင်းတွေမှာ ထိုင်းကုန်ပစ္စည်းတွေကို အကြောင်းပြုပြီး စစ်ဆေးမှုတွေ တင်းကျပ်လာကာ ကုန်ပစ္စည်းနဲ့ ယာဉ်တွေ သိမ်းဆည်းခံရတာတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
ဒီလို ထိုင်းကုန်ပစ္စည်းတင်သွင်းမှု ကန့်သတ်တာနဲ့ လမ်းကြောင်းတစ်လျှောက် စစ်ဆေးမှုတွေ တင်းကျပ်လာတာကြောင့် ကုန်ပစ္စည်းရှားပါးပြီး ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘားအံဘက်မှာပဲ ယိုးဒယားပစ္စည်း ပေါတယ်။ ဒီဘက်မှာတော့ မရှိသလောက်ပဲ။ ပစ္စည်းက အနည်းငယ်လောက်ဆို ပို့လို့ရတယ်။ သုံးနေကျ Cosmetic တွေကတော့ တစ်ခါဝယ် ဈေးတစ်ခါပြောင်းပဲ။ ဈေးက ခုန်ခုန်တက်တာ။ သုံးနေကျ L’Oreal မျက်နှာသစ်ဆေးဆို အရင်က တစ်ဘူး ၇,၀၀၀၊ အခုနောက်ပိုင်း ၁၅,၀၀၀ ဖြစ်သွားပြီ”လို့ မွန်ပြည်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
နယ်စပ်ဒေသတွေနဲ့ ပြည်တွင်းမြို့နယ်တွေမှာ လိုင်စင်မဲ့ ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးတာတွေ ရှိနေသလို ကုန်ပစ္စည်းတွေကို သယ်ယူရာလမ်းတလျှောက်မှာလည်း တရားမဝင်ဂိတ်ကြေးတွေ ပေးဆောင်နေရတယ်လို့ ပြင်ပကုန်ကူးသန်းရောင်းဝယ်သူတွေက ပြောပါတယ်။
“ဂိတ်တွေကတောင် မှောင်ခို (Black) သွားပါလား၊ စာရွက်စာတမ်း မပါတော့ သူတို့ ပိုက်ဆံပိုရတာပေါ့။ ချိတ်မထားရင် ပိုပေးရမယ်ဆိုတာမျိုးတွေ ပြောကြတယ်။ တရားဝင် Export လိုင်စင်ရဖို့က ၂ လခွဲလောက် ကြာတာကို လမ်းမှာ ရစ်ခံရတော့ နောက်ထပ် Export လုပ်ရမှာတောင် ကြောက်နေရတယ်”လို့ ပြင်ပကုန်ကူးသန်းရောင်းဝယ်နေသူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ထိုင်းကုန်ပစ္စည်းတွေကို တင်သွင်းဖို့ လိုင်စင်လိုအပ်ချက်တွေ တင်းကျပ်လာတာနဲ့အတူ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေ တိုးမြှင့်လာတာကြောင့် ကုန်သွယ်ရေးအခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ထိုင်းဘက်ကလည်း မကြာသေးခင်က တာချီလိတ်နယ်စပ်မှာ အေးခဲအစားအစာနဲ့ ကုန်ပစ္စည်းအချို့ တင်သွင်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ကုန်သွယ်ရေးနှောင့်နှေးမှုတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် စက်တင်ဘာ ၂၁ ရက် အလုပ်ရုံဆွေးနွေးပွဲမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုန်ဈေးနှုန်းကျဆင်းစေဖို့ ထုတ်လုပ်မှုကို မလွဲမသွေ မြှင့်တင်ဖို့ လိုအပ်တယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
