စာသင်ကျောင်းတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုက ၅ နှစ်အတွင်း စာတတ်မြောက်မှုနှုန်း ၃ ရာခိုင်နှုန်း တိုးလာတယ်လို့ ပြောပြန် 

Author CJ Platform
Categories
Published on Sep 09, 2026

မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်နဲ့အထက် လူဦးရေရဲ့ စာတတ်မြောက်မှုနှုန်းဟာ ၂၀၁၉ ခုနှစ်မှာ ၈၉ ဒသမ ၁ ရာခိုင်နှုန်းရှိရာကနေ ၂၀၂၄ ခုနှစ်မှာ ၉၂ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာတာကြောင့် စာတတ်မြောက်မှုနှုန်း ၃ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နဲ့အထက် လူဦးရေ ၃၇ ဒသမ ၂၆ သန်းရှိတဲ့အနက် စာမတတ်သူ ၄ ဒသမ ၁ သန်းခန့်ရှိခဲ့ပြီး စာတတ်မြောက်မှုနှုန်း ၈၉ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရတော့ အသက် ၁၅ နှစ်နဲ့အထက် လူဦးရေ ၃၃ ဒသမ ၉၃ သန်းအနက် စာမတတ်သူ ၃ ဒသမ ၅၅ သန်းခန့်ရှိပြီး စာတတ်မြောက်မှုနှုန်း ၉၂ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ဒါပေမယ့် UNICEF ရဲ့ လက်ရှိအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေး ၃ ဒသမ ၅ သန်းခန့်ဟာ ကျောင်းမတက်နိုင်တာ ဒါမှမဟုတ် ပုံမှန်သင်ယူခွင့် မရရှိတာ ဖြစ်နေပြီး အဲဒီထဲမှာ အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အရွယ်တွေက ၆၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

 

ဒါ့အပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝဏ်ကို စွန့်ခွာပြီး အခြေခံပညာသင်ယူခွင့်ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော် ရှိနေဆဲဖြစ်ပြီး မြန်မာ့ပညာရေးဟာ အဆင့်မီပညာရေးကို မမျှော်မှန်းနိုင်သည့်အပြင် အခြေခံပညာရေးလက်လှမ်းမီမှုမှာပင် အကျပ်အတည်း ဖြစ်နေတယ်လို့ ISP Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။

 

ကလေးတွေ ပညာသင်ယူခွင့် မရရှိရတဲ့ အဓိကအကြောင်းရင်းတွေကတော့ ပဋိပက္ခနဲ့ မလုံခြုံမှု၊ နေရပ်စွန့်ခွာရမှု၊ စာသင်ကျောင်းပျက်စီးမှုနဲ့ ပိတ်ထားရမှု၊ ဆရာဆရာမ မလုံလောက်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်တယ်လို့ UNICEF က ဖော်ပြထားပါတယ်။

 

ဒါကြောင့် စစ်အုပ်စုက စာတတ်မြောက်မှုနှုန်း တိုးလာတယ်လို့ ပြောဆိုထားပေမယ့် UNICEF ရဲ့ အချက်အလက်တွေမှာတော့ လက်ရှိကလေးတွေရဲ့ ပညာသင်ယူခွင့်အခြေအနေဟာ အခက်အခဲများစွာရှိနေပြီး စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။

 

ဒါပေမယ့် စစ်အုပ်စုဘက်ကတော့ အရင်က တစ်နိုင်ငံလုံး စာမတတ်သူပပျောက်ရေးအတွက် “အ” သုံးလုံးသင်တန်းတွေ ဆောင်ရွက်ခဲ့ပြီးနောက် ကျေးလက်နဲ့ အစွန်အဖျားဒေသတွေမှာ စာတတ်မြောက်ရေးလုပ်ငန်းတွေကို ဆက်လက်အလေးထား ဆောင်ရွက်ခဲ့တာကြောင့် စာတတ်မြောက်မှုနှုန်း တိုးတက်လာတာလို့ ဖော်ပြထားပါတယ်။

 

လက်ရှိမှာတော့ စာမတတ်သူတွေ ကျန်ရှိနေသေးတာကြောင့် စာမတတ်သူတွေကို လျှော့ချနိုင်ရေး စာတတ်မြောက်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။