နည်းပညာ အားနည်းမှုနဲ့ စိုက်ပျိုးရေး သွင်းအားစု ဈေးကြီးမှုကြောင့် ရခိုင် တောင်သူ အများစု စိုက်ပျိုးရေး ဆက်လုပ်ဖို့ အခက်ကြုံ
ရခိုင်ပြည်မှာ တောင်သူတွေဟာ စိုက်ပျိုးရေး နည်းပညာ အားနည်းတာ၊ မျိုးစေ့၊ မြေဩဇာ၊ စက်သုံးဆီနဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ ဈေးမြင့်ပြီး ရှားပါးတာတွေအပြင် မိုးများပြီး ရေကြီးရေလျှံတာတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်းမှာ နှစ်စဉ် ဆုံးရှုံးမှုတွေ ကြုံနေရပြီး စိုက်ပျိုးရေးကို ဆက်လက် လုပ်ကိုင်ဖို့ အခက်အခဲ ရှိနေကြတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
စိုက်ပျိုးရေး လုပ်ငန်းမှာ ကုန်ကျစရိတ်တွေ မြင့်တက်လာပေမဲ့ ထွက်ကုန်တွေကို သင့်တင့်တဲ့ ဈေးနဲ့ ရောင်းချနိုင်တဲ့ ဈေးကွက် မရှိတာကြောင့် အရင်းပြန်မရဘဲ နှစ်စဉ် အရှုံးပေါ်နေကြတယ်လို့ တောင်သူတွေက ပြောပြတာပါ။
“စိုက်ပျိုးရေး လုပ်တာက မြတ်ဖို့ထက် ရှိတဲ့မြေကို စားသောက်ဖို့ ရရုံလောက်ပဲ စိုက်တာ။ အရင်လို စီးပွားဖြစ်ဆိုတာမျိုး မရှိတော့ဘူး။ နှစ်တိုင်း ရှုံးတယ်။ ဒီနှစ်ထက် မနှစ်ကထက်တောင် ရှုံးမလားလို့ စိုးရိမ်နေတယ်။ မျိုးစေ့ဈေး၊ မြေဩဇာဈေးက ခေါင်ခိုက်နေတဲ့အပြင် လိုသလောက်လည်း မရဘူး။ အဲဒီလို စိုက်လို့ အသီးထွက်ချိန်မှာလည်း ဈေးကွက်က မရှိဘူး။ နောက်နှစ်အတွက် အရင်းတောင် မရဘူး။ လူပင်ပန်းတာပဲ အဖက်တင်တယ်” လို့ မြောက်ဦးမြို့နယ်က ကိုင်းစိုက်ပျိုးတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် လိုအပ်တဲ့ မြေဩဇာကို သတ်မှတ်ထားတဲ့ ပမာဏအတိုင်း မသုံးနိုင်တာနဲ့ စနစ်တကျ စိုက်ပျိုးနည်း မသိတာတွေကြောင့်လည်း သီးနှံ အထွက်နှုန်း ထိခိုက်နေတယ်လို့ သူက ဆက်ပြောပြတာပါ။
“လိုအပ်တဲ့ မြေဩဇာကို ပုံစံဝင်အောင် မသုံးနိုင်ကြဘူး။ စိုက်ပျိုးနည်း မကျဘူးပေါ့။ ရာသီဥတုဒဏ်လည်း ရှိတယ်လေ။ ဒီနှစ် မိုးရာသီမှာ ကွမ်း၊ ပဲတောင့်ရှည်၊ ခရမ်း၊ ငရုတ် စိုက်တဲ့သူတွေ စိုက်သလောက် ရှုံးတယ်။ ကွမ်းတွေဆို ရေတွေနစ်ပြီး အကုန် ပျော်ကျကုန်တယ်။ ရေမနစ်တဲ့ ကွက်ကွက်လေးပဲ ကျန်တယ်” လို့ သူက ဆက်ပြောပါတယ်။
ကျောက်တော်မြို့နယ်က တောင်သူ ဦးမောင်စောဖြူကလည်း ရခိုင်ဒေသက တောင်သူတွေဟာ စိုက်ပျိုးရေး နည်းပညာပိုင်းမှာ အားနည်းနေပြီး မြေအမျိုးအစားနဲ့ သီးနှံအလိုက် ဘယ်လို စိုက်ပျိုးထိန်းသိမ်းရမလဲ ဆိုတာကို စနစ်တကျ မသိရှိတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
“နည်းပညာလည်း အားနည်းတယ် ကျနော်တို့။ အွန်လိုင်းထက်မှာ တချို့တွေ့ရတယ်။ သဘာဝမြေဩဇာလုပ်နည်းတို့၊ မြေအမျိုးအစားပေါ်မူတည်လို့ ကြက်သွန်ဆို ကြက်သွန်၊ ပန်းဆိုလည်း ပန်း ဘယ်လိုထိန်းသိမ်းရမယ်၊ စိုက်ပျိုးရမယ်ဆိုတာတွေ ဒီကလူတွေက တော်တော်အားနည်းတယ်။ အခင်(ဦးလေး)လည်း အပါအဝင်ပေါ့။ ရခိုင်မြေက ဘာစိုက်စိုက် ဖြစ်တယ်။ စနစ်တကျ မစိုက်တတ်တော့ မဖြစ်ထွန်းဘူး။ ဒီလိုပြဿနာတွေ ရှိတာပေါ့။ ဒါကြောင့် စိုက်ပျိုးရေးနည်းပညာသင်တန်းတွေ လိုအပ်တယ်လို့ မြင်တယ်။ မဟုတ်ရင်တော့ စိုက်ပျိုးရေးလုပ်မယ့်သူတွေတောင် ရှိမှာမဟုတ်တော့ဘူး” လို့ ဦးမောင်စောဖြူက ပြောပါတယ်။
ရခိုင်ပြည်မှာ မိုးရာသီအတွင်း မိုးများပြီး ရေကြီးရေလျှံတာတွေကြောင့်လည်း စိုက်ပျိုးမြေတွေနဲ့ သီးနှံတွေ နှစ်စဉ် ပျက်စီးဆုံးရှုံးမှု ရှိနေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ကျောက်တော်၊ မြောက်ဦး၊ အဥ္ဇနပူရ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်နဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ စိုက်ပျိုးဧက အများအပြား ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီလို ရာသီဥတုကြောင့် သီးနှံ ပျက်စီးတာတွေအပြင် မျိုးစေ့၊ မြေဩဇာ၊ စက်သုံးဆီနဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ ဈေးကြီးလာတာနဲ့ ရှားပါးလာတာတွေကလည်း တောင်သူတွေအတွက် စိုက်ပျိုးရေး လုပ်ငန်းကို ဆက်လုပ်ဖို့ အခက်အခဲ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်နေတာပါ။
တောင်သူတွေကတော့ စိုက်ပျိုးရေး လုပ်ငန်း ဆက်လက် ရပ်တည်နိုင်ဖို့အတွက် အရည်အသွေးကောင်းတဲ့ မျိုးစေ့နဲ့ မြေဩဇာတွေကို ဈေးနှုန်း သင့်တင့်စွာ ရရှိနိုင်ရေး၊ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ အလွယ်တကူ ဝယ်ယူနိုင်ရေးနဲ့ လက်တွေ့ အသုံးချနိုင်တဲ့ စိုက်ပျိုးရေး နည်းပညာ သင်တန်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
