အကြမ်းဖက်မှု ၉ နှစ်ပြည့်ချိန်ထိ ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်သေး၊ စစ်အုပ်စုက အတင်းအဓမ္မ စစ်သားစုဆောင်းပြီး လူသားဒိုင်းအဖြစ် အသုံးချနေလို့ NUG ထုတ်ပြန်
ရခိုင်ပြည် အတွင်း ရိုဟင်ဂျာ ပြည်သူတွေ ရက်စက်စွာ အကြမ်းဖက်ခံခဲ့ရတဲ့ ဖြစ်စဉ် ၉ နှစ်ပြည့်မြောက်တဲ့ ကာလအထိ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် သိန်းနဲ့ချီ နေရပ်မပြန်နိုင်သေးတဲ့အပြင် လက်ရှိမှာ စစ်အုပ်စုက ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းကာ လူသားဒိုင်းအဖြစ်ပါ အသုံးပြုနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လကစပြီး စစ်အုပ်စုရဲ့ ကြီးလေးတဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးနဲ့ ရှင်သန်ရပ်တည်ရေး အခက်အခဲ များစွာ ရင်ဆိုင်နေရဆဲ ဖြစ်တာပါ။
ဒါ့ပြင် စစ်အုပ်စုဟာ လက်ရှိကြုံတွေ့နေရတဲ့ စစ်ရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကနေ ထွက်ပေါက်ရရှိဖို့အတွက် ရိုဟင်ဂျာ ပြည်သူတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ လူသားဒိုင်းအဖြစ် အသုံးချတာနဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်အောင် သွေးခွဲလှုံ့ဆော်မှုတွေကို စနစ်တကျ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ရခိုင်ပြည်သူများ၊ ရိုဟင်ဂျာ ပြည်သူများ အပါအဝင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စစ်အုပ်စု၏ သွေးခွဲမှုများကို သတိပြုရှောင်ရှားကာ အချင်းချင်း နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူတရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်၊ လူ့အခွင့်အရေးနှင့် ဘာသာရေး၊ ယဉ်ကျေးမှုများအပေါ် ခြိမ်းခြောက်ဖျက်ဆီးနေသည့် အဓိကတရားခံဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ကြရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်” လို့ NUG က ဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း စစ်အုပ်စုအပေါ် သံတမန်ရေးအရ သာမကဘဲ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံး ပြုလုပ်ပေးဖို့ NUG က တောင်းဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ထုတ်ပြန်ထားတဲ့ “ရိုဟင်ဂျာမူဝါဒ” နဲ့အညီ ခိုင်မာစွာ ဆောင်ရွက်သွားမှာဖြစ်ပြီး လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိဘဲ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ပြည်သူတွေနဲ့အတူ မဆုတ်မနစ် ဆက်လက် တည်ဆောက်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။
