ရန်ကုန်-ပုသိမ် လမ်းပိုင်းတချို့ ဆိုးဝါးစွာ ပျက်စီးနေလို့ ခရီးသွားတွေနဲ့ ရေဘေးကူညီသူတွေ သွားလာရေး ခက်ခဲနေ

Author CJ Platform
Categories
Published on Aug 25, 2026

ရန်ကုန်-ပုသိမ် လမ်းပိုင်းရှိ ပန်းတနော်နဲ့ ကျောင်းကုန်း မြို့နယ်အစပ် လမ်းပိုင်းတချို့ ဆိုးဝါးစွာ ပျက်စီးနေတဲ့အတွက် ပုံမှန် ခရီးသွားသူတွေနဲ့ ရေဘေးကူညီရေး သွားရောက်နေကြတဲ့ မော်တော်ယာဉ်တွေ သွားလာရေး အဆင်မပြေဖြစ်နေကြတယ်လို့  မြေပြင် ခရီးသွားတွေဆီက သိရပါတယ်။

 

လက်ရှိမှာ ရေကြီးရေလျှံမှုတွေနဲ့ ရေဝင်ရောက်မှုတွေကြောင့် ဧရာဝတီတိုင်းအတွင်း ရေဘေးကယ်ဆယ်ရေး သွားရောက်တဲ့ ယာဉ်သွားယာဉ်လာတွေ ပိုမိုများပြားနေချိန်မှာ ပန်းတနော် နယ်စပ်ကနေ ပန်းတနော်မြို့အထိ ပျက်စီးနေတဲ့ လမ်းပိုင်းတွေကို သဲအကူတွေ လာရောက်ခင်းကျင်းပေးထားပေမယ့် ချိုင့်ခွက်များပြားတဲ့အတွက် ကားကြီး၊ ကားငယ်တွေကို သတိပြု မောင်းနှင်နေကြရတယ်လို့ သိရတာပါ။

 

“ပန်းတနော်၊ ကျောင်းကုန်း လောက်ထိက တော်တော်ကို မကောင်းတာ။ ခုချိန်က ရေဘေးကယ်ဆယ်ရေးတွေလည်း ရှိတော့ ယာဉ်သွားယာဉ်လာ အရင်ကထက် ပိုများတာပေါ့။ ပန်းတနော် နယ်စပ်လောက်ကနေ ပန်းတနော်အထိ ပျက်နေတဲ့ လမ်းပိုင်းတွေကို သဲတွေ လာပြီး ချပေးထားတာတော့ တွေ့တယ်။ အမြန်လည်း မောင်းမရဘူးပေါ့။ ချိုင့်တွေဆိုတာ မနည်း ကွေ့ရှောင်နေရတာ” လို့ ခရီးသွား ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

အဆိုပါ ရန်ကုန်-ပုသိမ် လမ်းပိုင်းမှာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ ပြည်သူ့အစိုးရ လက်ထက်မှာ ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းတွေ ခင်းပေးခဲ့ပြီး ပုသိမ်အထိ ဆက်လက် ခင်းကျင်းဖို့ စီမံထားခဲ့သော်လည်း စစ်အုပ်စု အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပြုပြင်ထိန်းသိမ်းမှု လျော့နည်းသွားကာ လမ်းတွေ တဖြည်းဖြည်း ပျက်စီးလာတာ ဖြစ်ပါတယ်။

 

ဒါ့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေ ပိုမိုတိုးပွားလာပြီး လမ်းအသုံးပြုခတွေအပြင် ဂိတ်ကြေးတွေကိုပါ ပိုမိုတောင်းခံလာခဲ့ကြောင်း သိရတာပါ။

 

“စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ဂိတ်တွေပဲ တိုးလာပြီး လမ်းတွေက တဖြည်းဖြည်း ပျက်လာတာပါ။ အရင်ကဆို ဗိုလ်မြတ်ထွန်းတံတားမှာ အတက်ရော အဆင်းရော ၂ နေရာ ပေးရတယ်။ လမ်းအသုံးပြုခ ကောက်တာက သပ်သပ်နော်။ အခုနောက်ပိုင်းမှ ဗိုလ်မြတ်ထွန်းမှာ ၁ နေရာပဲ ပေးရတော့တာ။ ဒါပေမဲ့ ဧရာဝတီတံတား (ညောင်တုန်း) ကတော့ အခုထိ လူဦးရေအလိုက် ၂ နေရာ ပေးနေရတုန်းပါပဲ။ အရင်အစိုးရ လက်ထက်ကထက် ပိုတောင်းနေတုန်းပဲ။ အရင်ကဆို လိုင်းပေါ်တက်ပြောလို့ ရတယ်၊ အခုက ဘယ်သူမှ မပြောရဲဘူး၊ သူတို့တောင်းသမျှ ပေးနေရတာ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

လက်ရှိမှာ စစ်အုပ်စုရဲ့ ဂိတ်တွေမှာ စစ်ဆေးမှုအချို့ လျော့နည်းသွားသော်လည်း ရန်ကုန်-ပုသိမ် လမ်းမကြီးတစ်ခုလုံးရဲ့ လမ်းပိုင်း ပျက်စီးမှုတွေ၊ ဗိုလ်မြတ်ထွန်းတံတားပေါ်ရှိ ကတ္တရာလမ်း ပျက်စီးနေတာတွေကိုတော့ စနစ်တကျ ပြုပြင်ပေးတာမျိုး မရှိသေးတာကြောင့် ခရီးသွား ပြည်သူတွေ သွားလာရေးအတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံနဲ့ ခရီးသွားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ပုံစာ – ရန်ကုန်-ပုသိမ်ကားလမ်းတနေရာကို မြင်ရပုံ (ပုံဟောင်း)

 

 

Related News

Depend on news