အခွန်ရှောင်သူများနေလို့ ရန်ကုန်က အိမ်ခြံမြေ လုပ်ငန်းရှင်အချို့ စစ်ဆေးခံရ
ရန်ကုန်တိုင်း အတွင်း ဗဟန်း၊ မြောက်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်က အိမ်ခြံမြေ လုပ်ငန်းရှင်အချို့ကို စစ်အုပ်စု ထောက်လှမ်းရေးက ခေါ်ယူ စစ်ဆေးနေတယ်လို့ အိမ်ခြံမြေ လုပ်ကိုင်သူတွေဆီက သိရပါတယ်။
ဗဟန်း၊ မြောက်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်က သိန်းချီ၊ သောင်းချီ အိမ်ခြံမြေတွေ ရောင်းဝယ်ရာမှာ ဝယ်သူဘက်က အခွန်ဆောင်ပြီး ရောင်းသူဘက်က အခွန် တိမ်းရှောင်တာတွေကြောင့် ခေါ်ယူ စစ်ဆေးတာဖြစ်တယ်လို့ ဗဟန်းမြို့နယ်က အိမ်ခြံမြေ လုပ်ကိုင်သူတစ်ဦးက CJ Platform ကို ပြောပြတာပါ။
“သိန်းပေါင်း သောင်းနဲ့ချီ၊ သိန်းချီ တိုက်ခန်း ရောင်းဝယ်တဲ့ ကိစ္စတွေမှာ ဝယ်သူဘက်က အခွန်ဆောင်ပြီး ရောင်းသူဘက်က အခွန်ရှောင်လို့ ခေါ်စစ်တာပါ။ ဘာလို့လဲဆိုတော့ ဝယ်တဲ့ မြေယာ အမည်ပေါက် ပြောင်းတော့ ရောင်းတဲ့သူဘက်က အခွန် မဆောင်ထားရင် ပြောင်းလို့ မရဘူး” လို့ ပြောပါတယ်။
မြောက်ဒဂုံမှာ အိမ်ခြံမြေတွေကို လူနေထိုင်တာမျိုး မရှိဘဲ သိန်းပေါင်း သောင်းနဲ့ချီ ပေးကာ ဝယ်ယူထားတဲ့ ကိစ္စတွေကို စစ်အုပ်စုနဲ့ တိုင်းအုပ်ချုပ်ရေး ပိုင်းက လိုက်စစ်နေတာဖြစ်တယ်လို့ အိမ်ခြံမြေ လုပ်ကိုင်သူတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
“တချို့က သိန်းပေါင်း သောင်းနဲ့ချီ အိမ်တွေကို သိန်းနဲ့ချီ ဝယ်ထားတာတွေ ရှိတယ်။ တချို့ဆို ၁၀ ကွက်၊ ၁၅ ကွက် ရှိတယ်။ အဲဒါတွေ စစ်အုပ်စုက နောက်ကြောင်း လိုက်နေတာ” လို့ ပြောပါတယ်။
အလားတူ ဒဂုံဆိပ်ကမ်းမှာ အိမ်ခြံမြေ ရောင်းဝယ်တာနဲ့ ပတ်သက်ပြီး အခွန်ရှောင်တဲ့ ကိစ္စနဲ့ စစ်ဆေးခံရသူတွေ ရှိတယ်လို့ အိမ်ခြံမြေ လုပ်ကိုင်သူတစ်ဦးက CJ Platform ကို ပြောပြတာပါ။
“အခွန်ရှောင်တဲ့ ကိစ္စနဲ့ ခေါ်စစ်တာ ၅ ယောက်၊ ၆ ယောက်လောက် ရှိတယ်။ ဒဂုံဆိပ်ကမ်းမှာ စက်မှုဇုန် အကွက်တွေကို ဝယ်ထားပြီး ဘာမှ အကောင်အထည် မဖော်လို့ ခေါ်စစ်တာ” လို့ ပြောပါတယ်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက် ငွေကြေးခဝါချချင်တဲ့ ခရိုနီအုပ်စုဟာ အိမ်ခြံမြေ လုပ်ငန်းမှာ ရင်းနှီး လုပ်ကိုင်လာတာကြောင့် ၅ နှစ် ကာလအတွင်း အိမ်ခြံမြေ ဈေးဟာ တဟုန်ထိုး မြင့်တက်သွားခဲ့တာပါ။
ဓာတ်ပုံ – လူမှုကွန်ရက်
