ရေဘေးဒဏ်သင့်နေတဲ့ စစ်ကိုင်းတိုင်းကို စစ်အုပ်စုက လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲလို့ တစ်ပတ်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး

Author CJ Platform
Categories
Published on Aug 22, 2026

စစ်ကိုင်းတိုင်း အတွင်းက မြို့နယ် အများအပြားမှာ ရေကြီးရေလျှံမှု ဒဏ်တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန် စစ်အုပ်စုက ကျေးရွာတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဩဂုတ်လ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အရပ်သား ၂၀ ဦးကျော် သေဆုံးခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

မြန်မာနိုင်ငံ အထက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်တမံတွေက ရေလွှတ်တာတွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၂၅ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ရေဘေးကြောင့် စုစုပေါင်း လူဦးရေ ၆ သိန်းကျော် (၆၁၉,၇၆၈ ဦးခန့်) ထိခိုက် ခံစားနေရကာ သေဆုံးသူ ၃၂ ဦးနဲ့ ပျောက်ဆုံးသူ ၂ ဦး ရှိနေတယ်လို့ NUG က ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ခုလအတွင်း ရေကြီးမှုတွေကြောင့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေ၊ လယ်ယာမြေ ပျက်စီးတာတွေအပြင် ဒီကနေ့အထိ ကျေးရွာ တချို့မှာ ရေပြန်မကျသေးတာကြောင့် ဒုက္ခကြုံတွေ့နေရချိန် စစ်အုပ်စုရဲ့ လေကြောင်းရန်ကိုပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

 

ရေဘေးသင့်ခဲ့တဲ့ ဒေသတစ်ခုဖြစ်တဲ့ ဝက်လက်မြို့နယ်အတွင်း ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စု သင်္ဘောအုပ်စုက ကင်းထောက် လေယာဉ်နဲ့ Y-12 လေယာဉ်တို့ဖြင့် ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၇ နာရီခန့်မှာ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

“ကမ်းဖြူကျေးရွာဘက်ကို Y-12 နဲ့ ဗုံးသီးချတာက ပြည်သူတစ်ဦး သေပြီး နှစ်ဦး ဒဏ်ရာရတယ်၊ လေကြောင်းက ဆက်တိုက်တွေပဲ ဖြစ်နေတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းကလည်း ညောင်ကြီးတောကျေးရွာကို လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

 

အလားတူ မနေ့က ဩဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ မြောင်မြို့နယ်၊ ဆွဲလွဲကျေးရွာ ရွာဦးဓမ္မာရုံမှာ ဝါတွင်း ၇ ရက် တရားစခန်းရဲ့ ၃ ရက်မြောက်နေ့အဖြစ် သံဃာတော်တွေနဲ့ သက်ကြီးရွယ်အိုတွေ သီလယူ တရားနာနေစဉ် စစ်အုပ်စုရဲ့ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့တာကြောင့် သံဃာနဲ့ အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရတာပါ။

 

ဒေသခံတွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက် ညနေပိုင်းကလည်း မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာရှိ Starlink အင်တာနက်ဆိုင်ကို ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲခဲ့တာကြောင့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၁ ဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဩဂုတ် ၂၀ ရက် မနက်ပိုင်းမှာ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာနဲ့ ချောင်းဝကျေးရွာကြားကို စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့သလို ဩဂုတ် ၁၈ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်၊ ရေခါးကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် အသက် ၄၀ အရွယ် အမျိုးသမီး ၂ ဦး ထိမှန် သေဆုံးခဲ့ပါသေးတယ်။

 

ဒါ့ပြင် ပင်လည်ဘူးမြို့နယ်ထဲမှာ ဩဂုတ်လ ၁၆ ရက်နေ့က ကင်းပန်းကျေးရွာရှိ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲရာ ၉ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ရတာပါ။ ဩဂုတ်လ ၁၇ ရက်နေ့မှာ မံစီလေးကျေးရွာကို ထပ်မံ ဗုံးကြဲခဲ့ပြီး ဩဂုတ်လ ၁၈ ရက်နေ့မှာ မိုင်းတုန်းသာကြီးကျေးရွာအနီး ရွှေစက်ကျင်း လုပ်ကွက်ကို ဗုံးကြဲခဲ့ရာ ရွှေတူးဖော်နေတဲ့ အရပ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

 

ခုလို စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့အပြင် စစ်ရေး လှုပ်ရှားမှုတွေ မရှိတဲ့ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေသာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အုပ်စု အာဏာသိမ်းထားတဲ့ ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ အရပ်သား ပြည်သူ ၈,၃၀၀ ဦး သေဆုံးခဲ့ပြီး ၃၁,၈၀၇ ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း သိရပါတယ်။

 

ပုံစာ – ဩဂုတ် ၂၂ရက်နေ့က ဝက်လက်မြို့ကို စစ်ုအပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့ပုံ 

 

Related News

Depend on news