ရန်ကုန်က ကူးစက်လာတဲ့ ကာလဝမ်းရောဂါကြောင့် ကျိုက္ခမီမှာ အမျိုးသမီးတစ်ဦး ဆေးရုံတင်ထားရ

Author CJ Platform
Categories
Published on Aug 14, 2026

ရန်ကုန်ကနေ ကူးစက်လာတဲ့ ကာလဝမ်းရောဂါကြောင့် မွန်ပြည်၊ ကျိုက္ခမီမြို့မှာ ဩဂုတ် ၁၃ ရက် ည ၇ နာရီခွဲက အမျိုးသမီးတစ်ဦး ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့ည ၇ နာရီခွဲက ရန်အောင်မြေရပ်ကွက်၊ ရွှေကျင်ကျောင်းလမ်းမှာ နေထိုင်တဲ့ အသက် ၅၉ နှစ်အရွယ် ဒေါ်ဌေးမွန်မှာ မကြာခဏ ဝမ်းသွားနေတာကြောင့် ဆေးရုံသွားပြရာ ကာလဝမ်းရောဂါ ဖြစ်နေလို့ ဆေးရုံတင်ထားရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

“လမ်းမတော်ကနေ ပြန်လာတဲ့ အမျိုးသမီးကြီး တစ်ယောက်မှာ ကာလဝမ်းရောဂါ တွေ့လို့ မနေ့ညက ကျိုက္ခမီဆေးရုံမှာ တင်ထားရတယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့ လူ ၉ ယောက်ကိုလည်း စောင့်ကြည့်လူနာအဖြစ် ဆေးရုံက ခေါ်ထားတယ်” လို့ ပြောပါတယ်။

 

ကာလဝမ်းရောဂါ ဖြစ်ပွားသူ ဒေါ်ဌေးမွန်ဟာ တူမဖြစ်သူနဲ့အတူ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ သရက်တောကျောင်းတိုက်မှာ ရှိနေခဲ့ပြီး ဩဂုတ်လ ၉ ရက်နေ့မှာ ကျိုက္ခမီမြို့ကို ပြန်လာတာဖြစ်တယ်လို့ သူက ရှင်းပြတာပါ။

 

လက်ရှိမှာ ကာလဝမ်းရောဂါ ဖြစ်နေတဲ့ ဒေါ်ဌေးမွန်နဲ့ ထိတွေ့ခဲ့သူ ကျိုက္ခမီမြို့နေ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၇ ဦး စုစုပေါင်း ၉ ဦးကို ကျိုက္ခမီ တိုက်နယ်ဆေးရုံမှာ Quarantine ထားရှိ စောင့်ကြည့် ကုသပေးနေတယ်လို့ သိရပါတယ်။

 

ရန်ကုန်တိုင်းမှာ ဩဂုတ်လ ၉ ရက်ကနေ ၁၃ ရက်အထိ မြို့နယ် ၉ ခုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၂၆၀ ရှိပြီး ရောဂါ ဖြစ်ပွားရာ မြို့နယ်တွေက လမ်းဘေး ဈေးဆိုင်တွေကို ပိတ်ခိုင်းထားရတာ ဖြစ်ပါတယ်။

 

ဆေးကုသမှု ခံယူနေသူတွေထဲက ဩဂုတ်လ ၁၂ ရက်နေ့မှာ အသက် ၉၂ နှစ်အရွယ် လူနာတစ်ဦး သေဆုံးခဲ့ပြီး အဲဒီနောက် ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်တွေ ဖွင့်လှစ်ထားရတယ်လို့ တိုင်းကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်