တီးတိန်မှာ စစ်အုပ်စုက ၆ နှစ်ကြာ မကောက်ခံခဲ့တဲ့ မီတာခတွေကို တစ်ပြိုင်ထဲ တောင်းခံနေတာကြောင့် စစ်ရှောင် ဒေသခံတွေ အခက်တွေ့နေ
ချင်းပြည်၊ တီးတိန်မြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့် မကောက်ခံခဲ့တဲ့ လျှပ်စစ် မီတာခတွေကို ပြီးခဲ့တဲ့ ဇွန်လကစပြီး ပြန်လည် ကောက်ခံနေပြီး အရင် ၆ နှစ်တာ ကာလအတွင်း မပေးဆောင်ခဲ့ရတဲ့ မီတာခတွေကိုပါ တစ်ပြိုင်နက်တည်း ပြန်လည် ပေးဆောင်နေကြရတာကြောင့် ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ မီတာခ ပြန်လည် ကောက်ခံရာမှာ အခုလက်ရှိ သုံးစွဲထားတဲ့ မီတာခတွေအပြင် အာဏာသိမ်းပြီးနောက်ပိုင်း မကောက်ခံခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း မီတာခတွေကိုပါ ပြန်လည် တွက်ချက် ကောက်ခံနေတာဖြစ်ပြီး အိမ်တစ်အိမ်အတွက် ပေးဆောင်ရမယ့် မီတာခ ပမာဏဟာ တချို့ နေအိမ်တွေမှာ ကျပ် သုံးသိန်းနီးပါးအထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
ခုလို မီတာခတွေကို တစ်ခါတည်း ပြန်လည် ပေးဆောင်ရတာဟာ ငွေကြေး အဆင်ပြေတဲ့သူတွေအတွက် အခက်အခဲ မရှိနိုင်ပေမဲ့ စစ်ရှောင်နေရတဲ့ ဒေသခံတွေအတွက်တော့ အတော်လေး ကြီးမားတဲ့ ငွေကြေး ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်လို့ တီးတိန် ဒေသခံတစ်ဦးက ပြောပြတာပါ။
“၆ နှစ်လောက် မီတာခ မကောက်ဘူး။ အခု ပြန်ကောက်တော့ အဲဒီ ၆ နှစ်တာ မပေးခဲ့ရတဲ့ဟာတွေကို အားလုံး ပြန်ပေးရတယ်။ တချို့ဆို သုံးသိန်းနီးပါး ရှိတယ်လို့ ပြောကြတယ်။ အဆင်ပြေတဲ့ လူအတွက်တော့ အကြောင်းမဟုတ်ပေမဲ့ တီးတိန်မှာက စစ်ရှောင်နေရတဲ့သူတွေအတွက်တော့ အဲဒီငွေက တစ်လစာနီးပါး ရှိနေတယ်” လို့ တီးတိန် မြို့ခံတစ်ဦးက ပြောပါတယ်။
တီးတိန် ဒေသမှာ စစ်ရေး အခြေအနေတွေကြောင့် နေအိမ်မှာ ပုံမှန် နေထိုင်နိုင်ခြင်း မရှိဘဲ စစ်ရှောင်နေရတဲ့သူတွေ ရှိနေသလို အိမ်မှာ မနေဖြစ်တဲ့ အချိန်တွေ များတာကြောင့် လျှပ်စစ်မီး အသုံးပြုမှုလည်း ပုံမှန်ထက် နည်းပါးခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
“ကျနော်တို့က စစ်ရှောင်နေရတဲ့အပြင် အိမ်မှာလည်း မနေရတော့ မီးလည်း အဲဒီလောက် သုံးဖြစ်တာ မဟုတ်ဘူး။ အခုကျတော့ အဲဒီအချိန်တွေမှာ မသုံးဖြစ်ခဲ့တာတွေကိုပါ မီတာခ ပြန်ပေးရတာဆိုတော့ အခက်အခဲ ရှိတယ်” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်တာ ကာလအတွင်း တီးတိန် ဒေသခံတွေဟာ လျှပ်စစ်မီးကို ပုံမှန် ရရှိခဲ့တာ မရှိဘဲ နှစ်ရက်ခြား တစ်ကြိမ်ခန့်သာ လျှပ်စစ်မီး ရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ခုလို လျှပ်စစ်မီး ပုံမှန် မရရှိခဲ့တဲ့ ကာလအတွက် မီတာခတွေကိုပါ ပြန်လည် ပေးဆောင်ရတာနဲ့ ပတ်သက်ပြီး ဒေသခံ တချို့အနေနဲ့ မီတာခ တွက်ချက် ကောက်ခံမှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေတယ်လို့ သိရတာပါ။
လက်ရှိမှာ စစ်အုပ်စုရဲ့ EPC ရုံးဘက်က မီတာခတွေ ပေးသွင်းရမယ့် နောက်ဆုံးရက်ကို ဒီလ ၂၁ ရက်နေ့အဖြစ် သတ်မှတ်ထားပြီး အဲဒီရက်အတွင်း မီတာခ မပေးဆောင်နိုင်ပါက မီတာပုံးတွေ ပြန်လည် ဖြုတ်သိမ်းပြီး လျှပ်စစ်မီး ဆက်လက် ပေးတော့မှာ မဟုတ်ဘူးလို့ အသိပေးထားတယ်လို့ တီးတိန် ဒေသခံတွေဆီက သိရပါတယ်။
ခြောက်နှစ်တာ ကာလအတွင်း မီတာခ မကောက်ခံခဲ့ဘဲနောက် ခုလို တစ်ပြိုင်နက်တည်း ပြန်လည် ကောက်ခံတာဟာ စစ်ရှောင်နေရတဲ့ ဒေသခံတွေအတွက် ငွေကြေး အခက်အခဲ ပိုမို ဖြစ်ပေါ်စေနိုင်တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မီတာခ ပေးဆောင်ရမယ့် ပုံစံနဲ့ ပမာဏတွေကို ဒေသခံတွေအတွက် အဆင်ပြေမယ့် နည်းလမ်းနဲ့ ပြန်လည် စဉ်းစားပေးစေလိုတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
တီးတိန်မြို့မှာ လျှပ်စစ်မီး ရရှိမှုနဲ့ မီတာခ ကောက်ခံမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး လက်ရှိ အချိန်ထိ EPC ရုံးဘက်က ထုတ်ပြန်ထားတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ခရိုင်အဆင့် သတ်မှတ်ခြင်း ခံရတဲ့ တီးတိန်မြို့မှာ မဟာဓာတ်အားလိုင်း မရရှိသေးပေမဲ့ မြို့အနီးက ဇလွီးချောင်းကနေ ရေအားလျှပ်စစ်ယူပြီး လျှပ်စစ်မီး သုံးစွဲနေကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
CJ 004
