ထန်တလန်မှာ သက်တမ်းလွန် အစားအသောက်တွေကို ကျေးရွာအုပ်ချုပ်ရေးနဲ့ လူငယ်အဖွဲ့တွေ စစ်ဆေးဖျက်ဆီး
ချင်းပြည်၊ ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ စစ်ဘေးကာလ စားသုံးသူ ပြည်သူတွေနဲ့ ကလေးသူငယ်တွေ၏ ကျန်းမာရေး ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လူငယ်တွေ ပူးပေါင်းပြီး ကုန်စုံဆိုင်တွေကို စစ်ဆေးကာ သက်တမ်းလွန် အစားအသောက်တွေကို သိမ်းဆည်း မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ရက်က ထန်းဇန်း (Thangzang) ကျေးရွာ၊ ဩဂုတ် ၂ရက်နေ့မှာ ဆလန်း (Salen) ကျေးရွာတို့ရှိ ကုန်စုံဆိုင်တွေက အချိုရည်၊ မုန့်တွေနဲ့ အစားအသောက်တွေကို စစ်ဆေးခဲ့ရာ သက်တမ်းလွန်နေတဲ့ ပစ္စည်းတွေကို စိစစ်တွေ့ရှိခဲ့တာကြောင့် မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ သိရပါတယ်။
စစ်ဘေးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာကာ သက်တမ်းလွန် အစားအသောက်များ စိမ့်ဝင်ရောင်းချမှု ရှိလာသည့်အပေါ် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက အခုလို ပြောပြပါတယ်။
“စစ်ဘေးကာလဆိုတော့ ကုန်ပစ္စည်းတွေက ရွာထဲရောက်ဖို့ ကြာတယ်။ အချို့ဆိုင်တွေမှာ သက်တမ်းလွန်နေတဲ့ မုန့်တွေ၊ အချိုရည်တွေကို မသိဘဲ ရောင်းချနေတာတွေ ရှိတယ်။ ဒါတွေကို မသိဘဲ စားသုံးမိရင် ဝမ်းပျက်ဝမ်းလျှောတာ၊ အစာအဆိပ်သင့်တာနဲ့ ရေရှည်မှာ ကျောက်ကပ်နဲ့ အစာအိမ်ရောဂါတွေ ဖြစ်နိုင်လို့ ရွာက လူငယ်တွေနဲ့ပေါင်းပြီး အခုလို စစ်ဆေးဖျက်ဆီးရတာပါ” လို့ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သက်တမ်းလွန် အစားအသောက်များ အထူးသဖြင့် မှိုတက်နေတဲ့ မုန့်တွေ၊ ကာလလွန် အချိုရည်တွေနဲ့ ရေတိုတာရှည်ခံ ဆာလဖာပါဝင်တဲ့ အစားအစာတွေ စားသုံးမိပါက ကလေးသူငယ်တွေမှာ အစာအဆိပ်သင့်ခြင်း၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ ကူးစက်ရောဂါတွေ ပိုမိုဖြစ်ပွားနိုင်တာကြောင့် အခုလို ကြိုတင်ကာကွယ် စစ်ဆေးရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကလေးတွေက အလှဆင်ထားတဲ့ မုန့်အထုပ်တွေကို မြင်တာနဲ့ ဝယ်စားချင်ကြတာ။ မုန့်အထုပ်မှာ သက်တမ်းလွန်စာတန်း ပါမပါ ကလေးတွေ မကြည့်တတ်ဘူး။ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လူငယ်တွေက အခုလို လာရောက်စစ်ဆေး ဖျက်ဆီးပေးတော့ မိဘတွေအနေနဲ့ ကလေးတွေ ကျန်းမာရေးအတွက် အများကြီး စိတ်အေးရပါတယ်” လို့ ဆိုပါတယ်။
အခုလို သက်တမ်းလွန် အစားအသောက်တွေ စစ်ဆေးဖျက်ဆီးတာကို လွန်ခဲ့တဲ့ နှစ်များအတွင်းကလည်း ထန်တလန်မြို့နယ်၊ ဘွန်းလုံးတောင်ကြောရှိ ကျေးရွာတွေမှာ ပုံမှန်ပြုလုပ်ခဲ့ဖူးပြီး ရှေ့ဆက်၍လည်း မိမိတို့ ကျေးရွာများအတွင်း စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသောက်ကုန်ဆိုင်များကို ဆက်လက် စစ်ဆေးသွားမှာ ဖြစ်တာကြောင့် ဆိုင်ရှင်များအနေဖြင့်လည်း သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်း မပြုကြရန် အုပ်ချုပ်ရေးအဖွဲ့တွေက အသိပေး နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – CJ
CJ – 014
