လယ်ယာမြေတွေကို ပိုင်ရှင်အချို့ကစစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး မြေကွက်ရိုက် ရောင်းချပြီးနောက် ပြန်လည်သိမ်းဆည်းခံနေရလို့ ဝယ်ယူမိသူတွေ နစ်နာနေ
မန္တလေးတိုင်းအတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိထားတဲ့ လယ်ယာမြေတွေကို စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးအချို့နဲ့ မြေပိုင်ရှင်တွေ ပူးပေါင်းပြီး အကွက်ရိုက် ရောင်းချနေတာကြောင့် ဝယ်ယူမိတဲ့ ပြည်သူတွေ နစ်နာမှုတွေ ကြုံတွေ့နေရတယ်လို့ မန္တလေး မြို့ခံတွေနဲ့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
အဲဒီလို လယ်ယာမြေတွေကို အကွက်ရိုက် ရောင်းချနေတာ ထိန်းသိမ်းပေးဖို့ စစ်အုပ်စုရဲ့ ပုသိမ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးပိုအေးက ဒီကနေ့ ကျင်းပတဲ့ မန္တလေးတိုင်း လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဦးပိုအေးက မန္တလေးတိုင်းအတွင်း ပုံစံ (၇) ထုတ်ပေးထားတဲ့ လယ်ယာမြေတွေကို ခွင့်ပြုချက်မရှိဘဲ အကွက်စိတ်ခွဲပြီး စီးပွားဖြစ် ရောင်းချနေတဲ့ ကိစ္စကို တိုင်းအစိုးရက ဘယ်လို အရေးယူမလဲလို့ မေးမြန်းခဲ့တာပါ။
ဒီမေးခွန်းကို စစ်အုပ်စုရဲ့ တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က လယ်ယာမြေတွေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်း အသုံးပြုတာနဲ့ အကွက်ရိုက် ရောင်းချတာတွေကို တည်ဆဲ လယ်ယာမြေဥပဒေအရ အရေးယူနေတယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
“အခု မန္တလေးတိုင်းထဲမှာ အတော်ကို များနေတယ်။ ပြည်ကြီးတံခွန်ဆိုရင် ထိန်းမရတော့ဘူး။ ဝယ်တဲ့သူတွေထဲမှာ စစ်အုပ်စုနဲ့ နီးစပ်သူတွေလည်း ရှိတယ်။ တချို့က နေစရာမရှိလို့ဆိုပြီး အိမ်ကြီးအိမ်ကောင်းတွေအထိ ဆောက်ကြတယ်။ ကုန်းတန်းဘက်ဆိုရင် တိုက်ကြီးတွေနဲ့ ဝင်ဒါမီယာလို ဖြစ်နေပြီ” လို့ မန္တလေး မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်ကျော်က မန္တလေးမြို့အတွင်း ကျူးကျော်နေအိမ်တွေ ဖယ်ရှားရှင်းလင်းခဲ့ပေမဲ့ နေရာတချို့မှာသာ ရှင်းလင်းနိုင်ခဲ့ပြီး နေရာအများစုမှာ ကျူးကျော်နေထိုင်မှုနဲ့ ခွင့်ပြုချက်မဲ့ အကွက်ရိုက် ရောင်းချမှုတွေ ပြန်လည်ဖြစ်ပေါ်နေတယ်လို့ သူက ဆိုပါတယ်။
အဲဒီ အခြေအနေတွေကြောင့် မြေယာအငြင်းပွားမှုနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားလာနိုင်သလို မြို့ခံတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက်လာနေတယ်လို့လည်း ပြောပြပါတယ်။
“မြေက မခိုင်မာပါဘူးဆိုတာကို ခိုင်မာပါတယ်လို့ ပြောရောင်းတယ်။ ဝယ်တဲ့သူကလည်း ဝယ်တယ်။ အာဏာပိုင်တွေ လာဖျက်တဲ့အခါ ရောင်းခဲ့သူကို လိုက်ရှာလို့မရတော့ဘူး။ လက်မှတ်ထိုးပေးခဲ့သူကလည်း တာဝန်မယူတော့ဘူး။ ဒါက ကျားဖြန့်ပုံစံ တစ်မျိုးလို ဖြစ်နေတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
လယ်ယာမြေဥပဒေအရ ပုံစံ (၇) ရရှိထားတဲ့ မြေတွေကို သက်ဆိုင်ရာ အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ လူနေအိမ်ရာ၊ စီးပွားရေးလုပ်ငန်းနဲ့ တခြား ရည်ရွယ်ချက်တွေအတွက် ပြောင်းလဲ အသုံးပြုခွင့် မရှိဘူးလို့ ဥပဒေမှာ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
စည်းကမ်းချိုးဖောက်တာတွေကို တွေ့ရှိရင် ဒဏ်ကြေး ချမှတ်တာ၊ လယ်ယာမြေကို မူလအတိုင်း ပြန်လည် အသုံးပြုခိုင်းတာ၊ ကျူးလွန်သူတွေကို နှင်ထုတ်တာနဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားတာတွေ လုပ်ဆောင်နိုင်တယ်လို့ စစ်အုပ်စုခန့် နယ်လုံဝန်ကြီးက လွှတ်တော်မှာ ပြောပါတယ်။
မန္တလေးတိုင်းအတွင်း ပုံစံ (၇) ထုတ်ပေးထားတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူ ၁,၀၁၈,၅၇၇ ဦး၊ ဦးပိုင်အကွက်ပေါင်း ၁,၉၁၀,၄၄၈ ကွက်နဲ့ စုစုပေါင်း ဧရိယာ ၃,၃၅၈,၇၀၉ ဒသမ ၁၆ ဧက ရှိတယ်လို့ လွှတ်တော်မှာ ထုတ်ဖော် ပြောကြားထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ပြင်ဦးလွင်မှာ စစ်အုပ်စုနဲ့ ပူးပေါင်းနေသူတွေက လယ်ယာမြေတွေကို မြေကွက်ဖော် ရောင်းချခဲ့ပြီးနောက် စီမံကိန်းမြေဆိုကာ ဖယ်ရှားခိုင်းခဲ့တာကြောင့် ဝယ်ယူမိတဲ့ ပြည်သူတွေ နစ်နာမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – လယ်ယာမြေလိမ်လည်ရောင်းချမှုကို ဝယ်ယူမိပြီးနောက် ပြန်လည်ဖြိုဖျက်ပေးနေရသည်ကို မြင်ရပုံ (ပုံဟောင်း)
