ပဲခူးမှာ အရက်မူးပြီး သောင်းကျန်းနေတဲ့ ဦးဇင်းကို သွားရောက် တရားပြတဲ့ ဆရာတော်ကြီး ဓားနဲ့ခုတ်ခံရပြီး ပျံလွန်တော်မူ
ပဲခူးတိုင်း၊ ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ အောင်သိုက်ကန် ဘုန်းကြီးကျောင်းမှာ ဩဂုတ် ၄ ရက် ည ၁၁ နာရီခွဲက အရက်မူးပြီး ဓားကိုင် သောင်းကျန်းနေတဲ့ ဦးဇင်းတစ်ပါးကို သွားရောက် ဖျန်ဖြေပေးခဲ့တဲ့ သက်တော် ၇၆ နှစ်ရှိ ရဟန်းအိုတစ်ပါး ဓားနဲ့ ခုတ်ခံရပြီး ပျံလွန်တော်မူသွားတယ်လို့ ဒါယကာတွေဆီက သိရပါတယ်။
မနေ့ည ၁၁ နာရီခွဲက အောင်သိုက်ကန် ဘုန်းကြီးကျောင်းမှာ ဦးဇင်း ဦးမာဏိတဟာ အရက်မူးပြီး ဓားကိုင် သောင်းကျန်းနေတာကြောင့် ဆရာတော် ဦးနန္ဒဝံသ က သွားရောက် တရားပြ ဖျန်ဖြေပေးစဉ် ဓားနဲ့ ခုတ်ခံရတာလို့ ဒါယကာတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆရာတော်က သက်တော် ၇၆ နှစ် ရှိပြီ။ မနေ့ညက ကျောင်းမှာ အရက်မူးပြီး သောင်းကျန်းနေတဲ့ ဦးမာဏိတကို သွားပြီး နားချတာ။ အဲဒါကို လက်မခံဘဲ ဓားနဲ့ ၆ ချက် ခုတ်သွားတယ်။ ဒဏ်ရာတွေ ဗလပွနဲ့ ဒီနေ့ မနက် ပျံလွန်တော်မူသွားတယ်” လို့ ပြောပါတယ်။
ဓားနဲ့ ခုတ်ခံရမှုကြောင့် ဆရာတော် ဦးနန္ဒဝံသ မှာ ခေါင်း၊ လက်၊ ဝမ်းဗိုက် အပါအဝင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာ ရရှိခဲ့တာကြောင့် ပဲခူးဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ရန်ကုန်ဆေးရုံဆီ လွှဲပြောင်းစဉ် ဒီကနေ့ မနက်မှာ ပျံလွန်တော်မူသွားတာလို့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။
“ဒီလောက် ဒဏ်ရာတွေ ဗလပွ ဖြစ်နေတာကို ပဲခူးဆေးရုံကြီးက ရန်ကုန်ဆေးရုံကြီးကို မလွှဲဘဲ အချိန်ဆွဲနေပြီး ဒီနေ့မနက်ကျမှ လွှဲဖို့ လုပ်တော့ ဆရာတော်က လမ်းမှာတင် ပျံလွန်တော်မူသွားရော” လို့ မိန့်ပါတယ်။
ဓားနဲ့ ခုတ်ခဲ့တဲ့ ဦးဇင်း ဦးမာဏိတ ကို စစ်အုပ်စု လက်အောက်ခံ ရဲတွေက ညတွင်းချင်း လူဝတ်လဲ ဖမ်းဆီးခဲ့တယ်လို့ ဆရာတော်က ထပ်မံ မိန့်ပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူလို့ဆိုသူ ဦးမာဏိတ (ခ) မျိုးဇော် ကို ပဲခူးမြို့မ ရဲစခန်းက (ပ) ၁၂၄/၂၀၂၆၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Pro-SAC
