ဒေါပုံမှာ သင်္ဘောသား ၄၀ ကျော်ဆီကနေ သိန်း ၅,၀၀၀ နီးပါး ငွေကြေးနဲ့ စာအုပ်တွေ လိမ်လည်ယူသူ ထွက်ပြေးလွတ်မြောက်နေ

Author CJ Platform
Categories
Published on Aug 01, 2026

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာရှိတဲ့ Ultra Major Shipping Co.,Ltd ရုံးခန်းဟောင်းမှာ အခြေစိုက်ပြီး သင်္ဘောသား လူသစ် ၄၀ ကျော်ဆီကနေ ငွေကျပ် သိန်းပေါင်း ၅,၀၀၀ နီးပါးနဲ့ သင်္ဘောသားစာအုပ်တွေ လိမ်လည်ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း နစ်နာသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

အဆိုပါ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သူမှာ လုပ်သက် ၃၀ ကျော်ရှိပြီဖြစ်ပြီး “ဦးစော” လို့ လူသိများတဲ့ ပုဂ္ဂိုလ်ဖြစ်ကာ သူဟာ ဒေါပုံမြို့နယ်၊ DMA ရုံးအနီးရှိ Ultra Major ရုံးခန်းဟောင်းမှာ ကုမ္ပဏီဆိုင်းဘုတ်နဲ့ SRPS လိုင်စင်မရှိဘဲ သီးသန့်ရုံးထိုင်ကာ သင်္ဘောသားတွေဆီကနေ ရိုက်ကြေးနဲ့ စာအုပ်တွေကို ကြိုတင်သိမ်းဆည်းပြီး လိမ်လည်ခဲ့တာလို့ သိရပါတယ်။

 

သူဟာ ထွက်စာအတု၊ လေယာဉ်လက်မှတ် (Fly Ticket) အတုတွေနဲ့ သင်္ဘောပေါ်ဆီ တင်ပေးခဲ့တာကြောင့် စင်ကာပူနိုင်ငံ Bunker ကနေ ပြန်လာတဲ့ သင်္ဘောသားတစ်ဦးမှာ လေဆိပ်မှာ စစ်ဆေးခံရပြီး စာအုပ် သိမ်းဆည်းခံခဲ့ရတဲ့အပြင် အချို့ သင်္ဘောသားတွေမှာလည်း ရိုက်ကြေး အမေရိကန်ဒေါ်လာ ၃,၀၀၀ ခန့်အထိ ကြိုတင်ပေးထားရပေမဲ့ ၁ နှစ်နီးပါးအထိ ဘာမှမထူးခြားဘဲ ကြန့်ကြာနေခဲ့ရတယ်လို့ နစ်နာသူတွေနဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့မှာ အဆိုပါ ဦးစော နဲ့ အဖွဲ့ ထွက်ပြေးသွားခဲ့တာကြောင့် နစ်နာသူ သင်္ဘောသား ၃၀ ကျော်ဟာ ရုံးခန်းအောက်ဆီ ရောက်ရှိလာခဲ့ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ကူညီမှုနဲ့ အိမ်ခန်းနဲ့ ရုံးခန်းတွေကို ရိုက်ဖွင့်ကာ ကျန်ရှိခဲ့တဲ့ စာရွက်စာတမ်းတွေနဲ့ သင်္ဘောသားစာအုပ်တွေကို ပြန်လည်ထုတ်ယူခဲ့ကြရပါတယ်။

 

ပြန်မယူရသေးတဲ့ စာအုပ်တွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သိမ်းဆည်းပေးထားပြီး မှတ်ပုံတင်ပြသပြီး ပြန်လည်ထုတ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

 

“သူက အရင်က မှန်မှန်ကန်ကန် လုပ်ပေးဖူးတော့ နာမည်ကောင်းရထားတာ။ အခုကျမှ အကြွေးတွေ ပတ်လည်ဝိုင်းပြီး ပြေးတာ။ ကောင်လေးတစ်ယောက်ဆို လမ်း ၄၀ ဘက်မှာလည်း လိမ်ခံရလို့ သူ့ဆီ ရောက်လာတာ၊ သူ့ဆီမှာပါ ထပ်လိမ်ခံရတယ်။ Fly Ticket အတုတွေပါ စစ်ကြည့်မှ သိရတာ” လို့ နစ်နာသူ သင်္ဘောသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Ultra Major Shipping Co.,Ltd က ဇူလိုင်လ ၂၉ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး SRPS ကုမ္ပဏီနာမည်ကို အလွဲသုံးစားပြုလုပ်ပြီး လိမ်လည်သွားတဲ့ ဦးစော နဲ့ အဖွဲ့ဝင် ခန့်မင်း ဆိုသူတို့မှာ မရိုးမဖြောင့်တဲ့ လုပ်ရပ်တွေကြောင့် ကုမ္ပဏီကနေ အလုပ်ထုတ်ပယ်ခံထားရတာ ကြာမြင့်ပြီဖြစ်ကြောင်း ဆိုပါတယ်။

 

ဒါ့အပြင် သူတို့ ပြုလုပ်ခဲ့တဲ့ လိမ်လည်မှုတွေကို Ultra Major ကုမ္ပဏီနဲ့ မည်သို့မျှ သက်ဆိုင်ခြင်းမရှိဘဲ ကုမ္ပဏီအနေနဲ့လည်း ထိခိုက်နစ်နာမှုတွေအတွက် တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။

 

ဓာတ်ပုံ – ပေးပို့