စစ်အုပ်စုရဲ့ ကျားဖြန့် “ဟန်ပြ” ရှင်းလင်းမှုကြောင့် နယ်စပ်အတွင်းပိုင်းအထိ ကျားဖြန့်တွေ ပိုမိုပြန့်နှံ့လာဟု KNU သတိပေး
စစ်အုပ်စုရဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေ ဟန်ပြ ဝင်ရောက်ရှင်းလင်းတာတွေကြောင့် ကရင်ပြည်၊ နယ်စပ်အတွင်းပိုင်းဒေသတွေအထိ ကျားဖြန့်လုပ်ငန်းတွေ ပိုမိုပြန့်နှံ့လာပြီး ပြည်သူတွေရဲ့ လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်နေကြောင်း ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး က ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က စစ်အုပ်စုဟာ ကျောက်ခက်ဒေသရှိ ကျားဖြန့်ဝင်းကို ဝင်ရောက်ရှင်းလင်းခဲ့ပြီး KNLA နဲ့ PDF တွေက ငွေကြေးယူပြီး အကာအကွယ်ပေးနေတယ်ဆိုတဲ့ သတင်း ထုတ်ပြန်ခဲ့တာကြောင့် အဆိုပါ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိကြောင်းနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်း KNU က ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စု ရှင်းလင်းခဲ့တဲ့ နေရာဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ DKBA ဗိုလ်ချုပ်စိုင်းကျော်လှ ကြီးကြပ်တဲ့ “Tai Chang” ကျောက်ခက်ကျားဖြန့်ဝင်း မဟုတ်ဘဲ ဖလူးလေးတောင်ကြော အနောက်ဘက်ခြမ်းရှိ DKBA စစ်ဦးစီးအရာရှိချုပ် ကြီးကြပ်တဲ့ ကျားဖြန့်ဝင်းသာ ဖြစ်ကြောင်း မြေပြင်အချက်အလက်တွေကို ထောက်ပြထားပါတယ်။
အဆိုပါနေရာဟာ KK Park နဲ့ ရွှေကုက္ကိုလ်တို့ကနေ ပြောင်းရွှေ့လာတဲ့ ငွေလိမ်ဂိုဏ်းတွေ ခြံဝန်းငယ်တွေနဲ့ အခြေချနေတဲ့ နေရာတွေထဲက တစ်ခုမျှသာဖြစ်ပြီး စစ်အုပ်စုက နိုင်ငံတကာကို လှည့်စားဖို့ ဟန်ပြ ဝင်ရောက်နှိမ်နင်းပြခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။
စစ်အုပ်စုအနေနဲ့ BGF နဲ့ DKBA တို့နဲ့ ပူးပေါင်းပြီး ရာဇဝတ်ခေါင်းဆောင်တွေကို မဖမ်းဘဲ စေခိုင်းခံရသူတွေကိုသာ ဖမ်းပြတာ၊ အဆောက်အအုံတွေအတွင်းက လူတွေကို ကြိုတင်ဖယ်ရှားပြီးမှ ဖျက်ဆီးပြတာတွေ ပြုလုပ်နေတာဟာ ကျားဖြန့်ကို အမြစ်ပြတ်ရှင်းလင်းတာ မဟုတ်ဘဲ နယ်စပ်အတွင်းပိုင်းအထိ ကျားဖြန့်လုပ်ငန်းတွေ ပြန့်ပွားသွားစေဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုအခါ KK Park ကဲ့သို့ နေရာကြီးတွေကနေ ထွက်ပြေးလာတဲ့ တရုတ်လူမျိုး အပါအဝင် နိုင်ငံခြားသား ကျားဖြန့်လုပ်သားတွေဟာ ထိုင်းနယ်စပ်နဲ့ ဝေးတဲ့ အတွင်းပိုင်းနေရာတွေကို အစုလိုက်အပြုံလိုက် ဝင်ရောက်လာပြီး အဆောက်အအုံသစ်တွေ ဆောက်လုပ်ကာ အခြေချနေထိုင်နေကြတာကြောင့် ဒေသခံတွေရဲ့ လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်နေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် KNU အုပ်ချုပ်နယ်မြေနဲ့ နီးစပ်တဲ့ ဒေသတွေအထိ ပြည်သူတွေဆီက မြေတွေကို အတင်းအဓမ္မ ဝယ်ယူမှုတွေ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ အတင်းအဓမ္မ မြေဝယ်ယူမှုတွေကို သတိထားကြဖို့နဲ့ သက်ဆိုင်ရာ KNU အာဏာပိုင်တွေထံ တိုင်ကြားကြဖို့ နှိုးဆော်ထားပါတယ်။
KNU အနေနဲ့ မိမိတို့ အုပ်ချုပ်တဲ့ နယ်မြေတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ရာဇဝတ်မှုတွေကို လုံးဝသည်းခံမှာ မဟုတ်ဘဲ ဥပဒေအတိုင်း ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း စစ်အုပ်စုရဲ့ ဟန်ပြ ရှင်းလင်းမှုတွေပေါ် မမူတည်ဘဲ မြေပြင်မှာ အမှန်တကယ် တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – Pro-SAC ၊ KNU
