လေးမျက်နှာမှာ တာကျိုးပေါက်တာကြောင့် ကျေးရွာနဲ့ ရပ်ကွက်အချို့ ရေဝင်ရောက်ပြီး ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနေရ
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာရှိတဲ့ ငဝန်မြစ် ရေကာတာ ကျိုးပေါက်သွားခဲ့တာကြောင့် ရေဝင်ရောက်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးနေရကြောင်း ဒေသခံတွေနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာမှာရှိတဲ့ အမြင့် ၁၈ ပေရှိတဲ့ တာမိုင်အမှတ် (၂၅/၃) မှာ သဲဗွက်ဖြစ်ပေါ်ပြီး တာနိမ့်ဆင်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တာနိမ့်ဆင်းတဲ့နေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပူးပေါင်းပြီး တာနိမ့်ဆင်းမှု မရှိစေရေးအတွက် တုတ်ရိုက်တာ၊ ကျောက်ချတာ၊ သဲမြေဖို့တာအပြင် သဲအိတ်စီတာတွေ ပြုလုပ်ခဲ့ပေမဲ့ ည ၁၀ နာရီ ၄၂ မိနစ်ခန့်မှာ အဆိုပါ ငဝန်မြစ် ရေကာတာဟာ အလျား ပေ ၅၀ ခန့်အကျယ် တာကျိုးပေါက်သွားခဲ့တာ ဖြစ်ပါတယ်။
တာကျိုးပေါက်သွားခဲ့ပြီးနောက် ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရေအမှတ်စောင့်တာနဲ့ တဘောင်ပြုပြင်တာတွေမှာ ကူညီလုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇူလိုင်လ ၃၁ ရက်မှာတော့ ရေဝင်ရောက်နေတဲ့ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာနဲ့ ကွမ်းခြံကုန်းကျေးရွာတို့က အိမ်ထောင်စုတွေကို ဘေးလွတ်ကင်းတဲ့ နေရာတွေဆီ ဧရာဝတီတိုင်း မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက ကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့
