အခွန်စည်းကြပ်မယ်ဆိုတဲ့ သတင်းကြောင့် အိမ်ခြံမြေဈေးကွက် အေးစက်စပြုလာ၊ ရောင်းလိုသူများပြီး ဝယ်သူနည်းလာ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်ပြီးနောက် မကြုံစဖူး မြင့်တက်ခဲ့တဲ့ အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိမှာတော့ အရောင်းအဝယ် စတင်အေးစက်လာပြီး ဈေးနှုန်းတွေလည်း တန့်လာတယ်လို့ အိမ်ခြံမြေဈေးကွက်ကို လေ့လာစောင့်ကြည့်နေသူတွေနဲ့ လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရပါတယ်။
အဲဒီ အခြေအနေဟာ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းနဲ့ တောင်ကြီး၊ ပြင်ဦးလွင် အပါအဝင် မြို့အတော်များများမှာ တစ်ပြိုင်နက် ဖြစ်ပေါ်နေတာ ဖြစ်ပြီး လက်ရှိဈေးကွက်မှာ ဝယ်လိုသူထက် ရောင်းလိုသူက ပိုများလာနေတယ်လို့ မြေပြင်ဈေးကွက်ထဲက အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ အိမ်ခြံမြေအပေါ် အခွန်စည်းကြပ်မယ်ဆိုတဲ့ ကောလဟလတွေနဲ့ စိုးရိမ်မှုတွေ မြေပြင်မှာ ပျံ့နှံ့နေပြီး အဲဒီအချက်ကလည်း ဈေးကွက်အပေါ် သက်ရောက်မှုရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရသေးဘဲ ဈေးကွက်အတွင်း ကောလဟလအဆင့်သာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။
“ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ မသိသေးဘူး။ ဒီတော့ ဝယ်ရောင်းလုပ်တဲ့သူတွေက လက်ထဲကြာကြာ မထားချင်တော့ဘဲ ထုတ်ရောင်းချင်လာကြတယ်။ အဲဒါကြောင့် အရောင်းက ပိုများလာတာ” လို့ သူက ပြောပါတယ်။
လက်ရှိ အိမ်ခြံမြေဈေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ် အစပိုင်းနဲ့ နှိုင်းယှဉ်ရင် ၃ ဆကနေ ၄ ဆကျော်အထိ မြင့်တက်နေပြီး နေရာအချို့မှာတော့ လက်တွေ့ဈေးကွက်ထက် ခေါ်ဈေးတွေ အလွန်မြင့်မားနေတယ်လို့ ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။
“၂၀၂၀ တုန်းက သိန်း ၂၅၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ နေရာက အခု သိန်း ၁,၀၀၀၊ ၁,၅၀၀ ကျော်တင်မကဘဲ ခေါ်ဈေးကို သိန်း ၂,၅၀၀ အထိ ဖြစ်နေတယ်။ ကုန်ကျစရိတ်တက်တာ မှန်ပေမဲ့ ဈေးက အဲဒီလောက်အထိ ဖြစ်နေတယ်။ တကယ် အရောင်းအဝယ်ဖြစ်ကြလားဆိုတော့ နေရာကောင်းတချို့ကလွဲရင် မဖြစ်ကြဘူး။ ဒါပေမဲ့ အပြင်မှာတော့ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေပဲ ပျံ့နေတယ်။ Multi-Level Marketing (MLM) လုပ်သလိုပဲ ဈေးကွက်ကို ဖန်တီးနေကြတာ။ တကယ်သာ အရောင်းကောင်းနေမယ်ဆိုရင် အကျိုးဆောင်တွေ၊ ပွဲစားတွေ၊ တိုက်ဆောက်လုပ်သူတွေ အားလုံး အမြတ်ကြီးရနေကြမှာပေါ့” လို့ အိမ်ခြံမြေပွဲစားတစ်ဦးက ပြောပါတယ်။
စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ လက်တွေ့အခြေအနေနဲ့ မကိုက်ညီတဲ့ ဈေးနှုန်းတွေဟာ ဈေးကွက်ကို အေးစက်စေသလို သာမန်ပြည်သူတွေအတွက် အိမ်ခြံမြေပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးကိုလည်း ပိုမိုခက်ခဲစေတယ်လို့ သုံးသပ်ပါတယ်။
“နိုင်ငံမှာ မြေက အများကြီးရှိတယ်။ အခုဖြစ်နေတာက ဈေးကွက်စိတ်ခံစားချက်နဲ့ ရောင်တော်ပြန်ဈေးတွေ ရောထွေးနေတဲ့ သဘောပဲ။ အစိုးရပေါ်လစီ တစ်ခုပြောင်းသွားတာနဲ့ ဈေးကွက်က ချက်ချင်းပြောင်းသွားနိုင်တယ်။ လက်ရှိမြို့ကြီးတွေကို လူတွေ စုပြုံဝင်လာတာကြောင့်လည်း ဒီလိုဈေးတက်နေတာ” လို့ သူက ပြောပါတယ်။
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်း လတ်တလောမှာ စစ်အုပ်စုထောက်ခံရေး မီဒီယာတချို့နဲ့ လော်ဘီအချို့က အိမ်ခြံမြေအခွန် ကောက်ခံဖို့ ရေးသားပြောဆိုနေကြတာကြောင့် ဈေးကွက်အတွင်း စိုးရိမ်မှု ပိုများလာတယ်လို့ ဆိုပါတယ်။
“ဥပမာ ဒလကိုကြည့်။ တံတားမပြီးခင်ကတည်းက ဈေးတွေကို အလွန်အကျွံ မြှင့်တင်ရေးသားကြတယ်။ အခု တံတားပြီးသွားတော့ တကယ့်အရောင်းအဝယ်ကို ကြည့်လိုက်ရင် ထင်သလောက် မရှိဘူး။ လော်နေတဲ့သူတွေကတော့ ဆက်လော်နေကြတယ်။ ဈေးတက်မှ သူတို့အကျိုးအမြတ်ရမှာလေ။ တကယ့်ဝယ်လိုအားကတော့ ထင်ထားသလောက် မရှိဘူး” လို့ ပြောပါတယ်။
ဈေးကွက်တစ်ခုလုံးကို ခြုံငုံကြည့်ရင် ဝါဆိုဝင်ချိန်နဲ့အတူ အဝယ်အေးလာပြီး အရောင်းက ပိုများလာတာကြောင့် ဈေးကွက်အချိုးအစား မမျှတတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ အိမ်ခြံမြေဈေးကွက် လေ့လာသူတွေက သုံးသပ်ထားပါတယ်။
“အချို့တွေဆို ခေါ်ဈေးထက် လျှော့ပြီးတောင် ရောင်းနေကြတယ်” လို့ အိမ်ခြံမြေဈေးကွက်ကို စောင့်ကြည့်နေသူတစ်ဦးက ပြောပါတယ်။
