ရထားနဲ့ ခရီးသွားနေတဲ့ လူငယ်တွေကိုပါ စစ်အုပ်စုက နေ့ခင်းကြောင်တောင် ပေါ်တာဆွဲ ဖမ်းဆီးနေ

Author CJ Platform
Categories
Published on Jul 29, 2026

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ လက်ပံတန်း-သာရဝေါ မီးရထားလမ်းပိုင်းရှိ မြတ်မခဘူတာမှာ မီးရထားရဲနဲ့ တပ်စွဲထားတဲ့ ပျူစောထီးများ ပူးပေါင်းပြီး ရထားစီးခရီးသည် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူ ခရီးသွား ပြည်သူတွေဆီက CJ Platform ကို သတင်းပေးပို့ပါတယ်။

 

မနေ့က ဇူလိုင်လ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်က ထွက်ခွာတဲ့ သာရဝေါနဲ့ လက်ပံတန်းကို ပြေးဆွဲတဲ့ မီးရထားဟာ လက်ပံတန်းကို အဆန် လမ်းခရီးအတွင်း မြတ်မခဘူတာအရောက်မှာ ရထားပေါ်ပါလာတဲ့ မီးရထားရဲတစ်ဦး ဘူတာဆီ ဆင်းသွားပြီးနောက် အဆိုပါ ဘူတာမှာ တပ်စွဲထားတဲ့ လက်နက်ကိုင် ပျူစောထီးအဖွဲ့ထဲက ၂ ဦး ရထားပေါ် တက်လာကာ လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

 

“ဘူတာက ပြည်သူတွေ လာစောင့်တဲ့ ဘူတာမဟုတ်တော့ဘူး။ သူတို့က တပ်စွဲထားပြီးတော့ နေတာ။ ရဲလည်း မဟုတ်ဘူး၊ စစ်သားလည်း မဟုတ်ဘူး။ လက်နက်ကိုင် ပျူစောထီး ၁၅ ယောက်၊ ၂၀ လောက် ရှိတယ်။ အဲဒီထဲက ၂ ယောက်က အပေါ်တက်လာပြီး ‘ညီလေး၊ အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့’ ဆိုပြီး ခေါ်သွားတာ။ အစ်ကို ဘာဖြစ်လို့လဲ မေးတော့လည်း ဘာမှ မပြောနဲ့ ဆိုပြီး ပုခုံးဖက်ပြီး ရထားပေါ်ကနေ ခေါ်သွားတာ။ ရထားလည်း ထွက်ရော အဲဒီကောင်လေး ကျန်ခဲ့တာ” လို့ ဖြစ်စဉ်ကို ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ခရီးသည်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဆိုပါ ဖမ်းဆီးခံရသူ လူငယ်မှာ အသက် ၂၃ နှစ်အရွယ်ရှိပြီး မှတ်ပုံတင် ပြုလုပ်ဖို့အတွက် နေ့ခင်းဘက်မှာ ခရီးသွားလာစဉ် မီးရထားရဲတွဲပေါ်မှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရထားပေါ်ပါလာတဲ့ မီးရထားရဲတွေကို ခရီးသည်တွေက မေးမြန်းခဲ့ပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပျူစောထီးတွေက “ဒါ ငါတို့ကိစ္စနဲ့ ငါတို့ ခေါ်တာ” လို့ ပြောဆိုခဲ့တာကြောင့် ဘာမျှ မတတ်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

“ကျွန်မတို့က ခရီးသွားနေတဲ့ ပြည်သူတွေပါ။ မဟုတ်တာ လုပ်နေတာလည်း မဟုတ်ဘူး။ ညဘက်ကြီး မှောင်ရိပ်ခို ဖမ်းတာမဟုတ်ဘူး၊ နေ့ဘက်ကြီးကို မီးရထားရဲတွဲပေါ်မှာ လာဖမ်းသွားတာ။ မီးရထားရဲပိုင်တဲ့တွဲကို သူတို့ လုပ်ချင်တိုင်း လုပ်လို့ရနေတာ” လို့ ခရီးသည်တစ်ဦးက ထပ်မံပြောပါတယ်။

 

အဆိုပါ မြတ်မခဘူတာမှာ စစ်အုပ်စုရဲ့ လက်နက်ကိုင် ပျူစောထီး ၂၀ ခန့် တပ်စွဲထားတာဖြစ်ပြီး အခု ဘူတာမှာ မီးရထားရဲတွေနဲ့ ပူးပေါင်းကာ ခရီးသည်ရဲ့ ခုံနံပါတ်အထိ အတိအကျ လာရောက်ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် ခရီးသွားပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။