ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦး တိုက်ပိတ်ခံထားရပြီး မတရား ညှဉ်းပန်းနှိပ်စက်ခံနေရ

Author CJ Platform
Categories
Published on Jul 29, 2026

ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကို မတရား အလုပ်ကြမ်းခိုင်းစေတာ၊ တိုက်ပိတ် ရိုက်နှက်ညှဉ်းပန်းတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိတ်ပင်တာတွေ ပြုလုပ်နေပြီး လက်ရှိမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၂၇ ဦးအထိ အစုလိုက်အပြုံလိုက် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ဇူလိုင် ၂၉ ရက် မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝင်စာနဲ့ ဧည့်တွေ့ပိတ်မယ်လို့ ခြိမ်းခြောက်ကာ အလုပ်ကြမ်းတွေကို အတင်းအကျပ် ခိုင်းစေလျက်ရှိပြီး ဖိနှိပ်ခိုင်းစေမှုကို ငြင်းဆန်သူတွေနဲ့ အခွင့်အရေး တောင်းဆိုသူတွေကို သီးခြားပြစ်ဒဏ်တိုက်တွေအတွင်း ခေါ်ဆောင်ကာ အကန့်အသတ်မရှိ တိုက်ပိတ်တာ၊ အမျိုးသမီးဝန်ထမ်းတွေက နံပတ်တုတ်တွေနဲ့ အုပ်စုဖွဲ့ ရိုက်နှက်တာတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

 

ဒါ့အပြင် တိုက်ပိတ်ခံထားရတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကို ၁၄ ရက်ကြာ ရေမချိုးခိုင်းဘဲ တစ်နေ့ကို ရေ ၁ လီတာဘူး တစ်ဘူးနဲ့ ဆန်ပြုတ်တစ်မျိုးတည်းသာ တိုက်ကျွေးတာ၊ ပြစ်ဒဏ်ကာလ ပြီးဆုံးသည့်တိုင် အဆောင်ကို ပြန်မပို့ဘဲ တိုက်အတွင်း ဆက်လက်ချုပ်နှောင်ထားတာတွေကြောင့် အကျဉ်းသူတွေမှာ အဆုတ်အအေးပတ်တာနဲ့ ကြွက်သားချိနဲ့တာတွေ ကြုံတွေ့နေရပေမဲ့ ဆေးကုသခွင့် မရရှိကြဘူးလို့ PPNM က ဆိုပါတယ်။

 

အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့တာကြောင့် ကိုယ်ဝန်ဆောင် လူနာတွေကို ပြင်ပဆေးရုံတက်ခွင့် မပေးဘဲ ထောင်အတွင်းမှာသာ မွေးဖွားစေခဲ့ရာ လုံလောက်တဲ့ အာဟာရနဲ့ စောင့်ရှောက်မှုမရရှိဘဲ မိခင်တစ်ဦး ကလေးဆုံးရှုံးခဲ့ရသည့်အပြင် မွေးကင်းစကလေးငယ်တစ်ဦးလည်း ၂၄ နာရီအတွင်း သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် လွတ်ရက်စေ့ခါနီး အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကို တရားမဝင်ပစ္စည်းတွေနဲ့ မတရားအမှုဆင်ကာ ထောင်ဒဏ်တိုးမြှင့်ခံထားရသူ ၅ ဦးခန့် ရှိနေပြီး အဆိုပါ ဖိနှိပ်မှုတွေကြောင့် အကျဉ်းသူအများစုမှာ ပြင်းထန်တဲ့ စိတ်ကျရောဂါတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ခံစားနေကြရတယ်လို့ သိရပါတယ်။

 

အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒိုက်ဦးအကျဉ်းထောင်က ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင်၊ ဒုဦးစီး ဒေါ်စန်းနွယ်ဦး အပါအဝင် တာဝန်ရှိသူတွေက ဦးဆောင်ကျူးလွန်နေတာဖြစ်ပြီး PPNM အနေနဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်နဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်ရေးနဲ့ အကျဉ်းသူတွေရဲ့ ရပိုင်ခွင့်၊ လူ့အခွင့်အရေးတွေ အမြန်ဆုံးရရှိရေးအတွက် ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်