မြန်မာ့စာကြည့်တိုက် ပညာရှင်ကြီး ဒေါက်တာစည်သူ ဦးသော်ကောင်း ကွယ်လွန်

Author CJ Platform
Categories
Published on Jul 29, 2026

မြန်မာနိုင်ငံ စာကြည့်တိုက်နဲ့ စာပေလောကအတွက် အစဉ်တစိုက် အကျိုးပြုခဲ့ပြီး သုတေသီတွေနဲ့ စာဖတ်သူတွေအတွက် အဖိုးတန်တဲ့ အမွေအနှစ်များစွာ ချန်ရစ်ပေးခဲ့သူ အမျိုးသားစာပေ တစ်သက်တာဆုရ မြန်မာ့စာကြည့်တိုက် ပညာရှင်ကြီး ဒေါက်တာစည်သူ ဦးသော်ကောင်းဟာ ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် အသိုင်းအဝိုင်းထံမှ သိရပါတယ်။

 

ဆရာကြီးဟာ ဒီကနေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်) ဝါဆိုလပြည့်နေ့ မနက် ၅ နာရီ ၂၇ မိနစ်ခန့်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်ခန့် ရှိပြီဖြစ်ပါတယ်။

 

ဆရာကြီး ဦးသော်ကောင်းဟာ လွတ်လပ်ရေးခေတ်နဲ့ ပါလီမန်ဒီမိုကရေစီခေတ်မှာ စည်သူဘွဲ့ရ ပညာမင်းကြီးအဖြစ် ထင်ရှားတဲ့ ဦးကောင်းရဲ့ သားဖြစ်သူဖြစ်ပြီး ၁၉၃၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို အင်္ဂလိပ်စာနဲ့ ပထဝီဝင် ဂုဏ်ထူးနှစ်ဘာသာဖြင့် ပထမအဆင့်ကနေ အောင်မြင်ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ အင်္ဂလိပ်စာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့တာကြောင့် ဦးဘိုးနှစ် ရွှေတံဆိပ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

 

အဲဒီနောက် လန်ဒန်တက္ကသိုလ်ကနေ စာကြည့်တိုက်ပညာ ဘွဲ့လွန်ဒီပလိုမာ (FLA) ကို ရရှိခဲ့ပြီး ဩစတြေးလျနိုင်ငံ၊ အနောက်ဆစ်ဒနီ တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့နဲ့ ဂျပန်နိုင်ငံ ဖုကုအိုက အာရှဓလေ့ဆု ရွေးချယ်ရေးကော်မတီရဲ့ ဖုကုအိုက ပညာရှင်ဆု တို့ကို အသီးသီး ချီးမြှင့်တာ ခံခဲ့ရပါတယ်။

 

ဆရာကြီးဟာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နဲ့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တို့မှာ ၁၉၅၇ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ နှစ်ပေါင်း ၄၀ ခန့် စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော စာကြည့်တိုက်ပညာဌာနကို ဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

 

အငြိမ်းစားယူပြီးနောက်ပိုင်းမှာလည်း မြန်မာ့သမိုင်းအဖွဲ့ဝင်၊ အချိန်ပိုင်း ပါမောက္ခနဲ့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းရဲ့ နာယကအဖြစ် စာပေနဲ့ သမိုင်းဆိုင်ရာ တာဝန်များကို ဆက်လက် ထမ်းဆောင်ခဲ့ပါတယ်။

 

ဆရာကြီး ဦးသော်ကောင်းဟာ ရှေးဟောင်း ပေ၊ ပုရပိုက် အစည်းပေါင်း ၁၆,၀၀၀ နီးပါးကို နိုင်ငံတစ်ဝန်း လိုက်လံစုဆောင်း ထိန်းသိမ်းပေးခဲ့တဲ့အပြင် မြန်မာသမိုင်းနဲ့ စာပေဆိုင်ရာ စာတမ်းနဲ့ စာအုပ်ပေါင်း ၁၈၀ ကျော်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။

 

ဆရာကြီးရဲ့ စာပေနဲ့ စာကြည့်တိုက်ပညာရပ်ဆိုင်ရာ စွမ်းစွမ်းတမံ ကြိုးပမ်းမှုတွေကြောင့် ၂၀၀၈ ခုနှစ်မှာ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၂၀၁၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ သုတစွယ်စုံ တစ်သက်တာစာပေဆု၊ ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆု၊ ဆရာဝန်တင်ရွှေ တစ်သက်တာစာပေဆုတို့ အပါအဝင် ၂၀၁၂ ခုနှစ်မှာ နိုင်ငံတော်အစိုးရက ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) နဲ့ စည်သူဘွဲ့တို့ကို ချီးမြှင့်ခံခဲ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်