ငပုတောမှာ ပင်လယ် လိပ်ဥ ၅,၀၀၀ ဖမ်းဆီးရမိပြီးနောက် ရဲအရာရှိတွေက လာဘ်ငွေယူကာ ပြန်လည်ရောင်းစားဟုဆို
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ သမီးလှကျွန်း (လိပ်ကျွန်း) ကနေ တရားမဝင် သယ်ဆောင်လာတဲ့ လိပ်ဥ အလုံးပေါင်း ၅,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပေမဲ့ စစ်အုပ်စုလက်အောက်ခံ ပြင်ခရိုင် ရဲစခန်းမှူး ကျော်စွာမြင့်နဲ့ ရဲအရာရှိအချို့က ဥပဒေအတိုင်း အရေးယူခြင်း မပြုဘဲ လာဘ်ငွေယူပြီး ပြန်လည်ရောင်းစားရာမှာ ပါဝင်ပတ်သက်နေကြောင်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ် ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ပြင်ခရိုင် ရဲစခန်းမှူး ကျော်စွာမြင့်ဟာ လိပ်ဥ အလုံး ၅,၀၀၀ သယ်ဆောင်လာသူထံမှ လာဘ်ငွေယူကာ ကနဦး လမ်းဖွင့်ပေးခဲ့ပြီး အဆိုပါ လိပ်ဥတွေကို ပုသိမ်မြို့၊ ဘွက်ကြီးတန်းရှိ “မျိုး” ဘီယာဆိုင်နဲ့ အမှတ် (၁) ဘောတံတားရှိ “ဖြိုးဖြိုး” ဆိုင်တို့ကို ပို့ဆောင်ရောင်းချဖို့အတွက် ပြင်ခရိုင်ကနေတစ်ဆင့် သင်္ဘောနဲ့ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် စခန်းမှူး ကျော်စွာမြင့်ဟာ ပတ်စပို့ရုံးက သူငယ်ချင်းဖြစ်သူ ရဲမှူး မောင်ဇော် ထံ သတင်းကြိုတင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ရဲမှူး မောင်ဇော်ဟာ သတင်းပေးဖြစ်သူ ကယ်ရီသမား ကိုဇင် နဲ့ ပူးပေါင်းပြီး ပုသိမ် ရေကြောင်းရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့ရာ သယ်ဆောင်လာတဲ့ လိပ်ဥ ၅,၀၀၀ နဲ့အတူ သယ်ဆောင်လာသူကိုပါ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဖမ်းဆီးရမိမှုမှာ ရဲမှူး မောင်ဇော် (လွိုင်ကော်) နဲ့ ရေကြောင်းရဲမှူး ဒေါ်ချိုချိုထွေး (ယခင်) တို့ဟာ ဖမ်းဆီးရမိသူထံမှ ငွေကျပ် ၁၀ သိန်း ရယူကာ လူကို ပြန်လွှတ်ပေးခဲ့ပြီး လိပ်ဥတွေကို သိမ်းဆည်းခဲ့ကြပါတယ်။ ရဲမှူး မောင်ဇော်က ရေကြောင်းရဲမှူး ဒေါ်ချိုချိုထွေးကို လာဘ်ငွေ ခွဲဝေမှုအဖြစ် ငွေကျပ် ၅ သိန်း ပေးခဲ့ကြောင်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ် က ဖော်ပြထားပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ လိပ်ဥ ၅,၀၀၀ ကို ရဲမှူး မောင်ဇော်က စနစ်တကျ သိမ်းဆည်းထားပြီး လွိုင်ကော်မြို့ကို တစ်ဆင့်ပို့ဆောင်ကာ ၁ လုံးလျှင် ကျပ် ၂၀,၀၀၀ နှုန်းနဲ့ ပြန်လည်ရောင်းစားခဲ့ကြောင်း သိရပါတယ်။
လိပ်ဥ ၁ လုံးကို လိပ်ကျွန်းမှာ ကျပ် ၁,၀၀၀ ကနေ ၂,၀၀၀ ဝန်းကျင်နဲ့ ပုသိမ်ရောက်ရင် ကျပ် ၄,၅၀၀ ကနေ ၅,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပြီး အဆိုပါ လိပ်ဥတွေဟာ လိပ်ကျွန်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေဆီက စတင်ထွက်ရှိလာတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဥပဒေစိုးမိုးရေး ဆောင်ရွက်ရမယ့် တာဝန်ရှိ ရဲအရာရှိတွေအနေနဲ့ လာဘ်ယူခြင်း၊ သက်သေခံပစ္စည်းတွေကို ကိုယ်ကျိုးအတွက် ပြန်လည်ရောင်းစားခြင်းနဲ့ သတင်းပေးတွေနဲ့ ပူးပေါင်းကာ အဂတိလိုက်စားခြင်းတို့ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ တို့ကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာ ဖြစ်ကြောင်း တာဝန်သိသူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းအထူးတပ်ဖွဲ့ – ပုသိမ် က ဖော်ပြထားပါတယ်။
သမီးလှကျွန်း (လိပ်ကျွန်း) ဟာ ရှားပါး ပင်လယ်လိပ်တွေ မျိုးပွားဥချရာ ကျွန်းတစ်ခုဖြစ်ပြီး စစ်အုပ်စုရဲ့ ရေတပ်ရေဒါစခန်းအပြင် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကာ ပင်လယ်လိပ် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတစ်ခုလည်း ဖွင့်လှစ်ထားတဲ့ ဒေသဖြစ်ကာ အရပ်သားပြည်သူတွေ ဝင်ထွက်သွားလာခွင့်ကို ကန့်သန်ထားတဲ့ ဒေသလည်း ဖြစ်ပါတယ်။
